ဂမ်ဘီယာ ကလေး ၆၆ ဦးသေဆုံးမှုသည် အိန္ဒိယထုတ် ချောင်းဆိုးအအေးမိဆေးရည်လေးမျိုးနှင့် ဆက်စပ်နေနိုင်ဟု WHO သတိပေး

ဂမ်ဘီယာ ကလေး ၆၆ ဦးသေဆုံးမှုသည် အိန္ဒိယထုတ် ချောင်းဆိုးအအေးမိဆေးရည်လေးမျိုးနှင့် ဆက်စပ်နေနိုင်ဟု WHO သတိပေး
ကလေးချောင်းဆိုးပျောက်ဆေးရည်ထည့်နေပုံကို စက်တင်ဘာ ၃၀ တွင် ရိုက်ထားသောပုံ၌ တွေ့ရစဉ် (Photo : AFP)
ကလေးချောင်းဆိုးပျောက်ဆေးရည်ထည့်နေပုံကို စက်တင်ဘာ ၃၀ တွင် ရိုက်ထားသောပုံ၌ တွေ့ရစဉ် (Photo : AFP)
Published 7 October 2022
Ref : AFP

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က အိန္ဒိယ Maiden Pharmaceuticals ထုတ် ချောင်းဆိုးနှင့် အအေးမိပျောက်ဆေးရည် လေးမျိုးနှင့် ပတ်သက်၍ အောက်တိုဘာ ၅ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်ပြီး အဆိုပါဆေးရည်များသည် ဂမ်ဘီယာတွင် ကလေး ၆၆ ဦး သေဆုံးမှုများနှင့် ဆက်နွှယ်နေနိုင်သည်ဟု သတိပေးခဲ့သည်။

အဆိပ်အတောက်ဖြစ်စေသော ဆေးဝါးများကို အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာ ပြင်ပတွင် ဖြန့်ချိထားဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးခဲ့ပြီး အဆိုပါ ဆေးများ ကမ္ဘာတစ်ဝှမ်း ထိတွေ့မှု ရှိနိုင်သည်ဟု ဆိုသည်။

သံသယဖြစ်စရာကောင်းနေသော ချောင်းဆိုးနှင့် အအေးမိပျောက်ဆေး လေးမျိုး ကလေးများအကြားတွင် ပြင်းထန် ကျောက်ကပ်ပျက်စီးမှုနှင့် ကလေး ၆၆ ဦးသေဆုံးခြင်းတို့နှင့် ဆက်စပ်နေနိုင်သည်ဟု WHO အကြီးအကဲ တက်ဒရိုအက်ဟာနွမ်ဂျီ ဘရီးဆက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“အဲ့ဒီကလေးတွေ အသက်ဆုံးရှုံးရတာဟာ သူတို့ရဲ့မိသားစုတွေအတွက် ဝမ်းနည်း ကြေကွဲရတာထက်ကို ပိုပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

WHO သည်  အဆိုပါကုမ္ပဏီနှင့်လည်းကောင်း၊ အိန္ဒိယ အာဏာပိုင်များနှင့်လည်းကောင်း နောက်ထပ် စုံစမ်းစစ်ဆေးမှုပြုလုပ်နေသည်ဟု တက်ဒရိုက ပြောကြားသည်။

အောက်တိုဘာ ၅ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သော ဆေးဝါးပစ္စည်းသတိပေးချက်အရ ဆေးလေးမျိုးမှာ Promethazine Oral Solution၊ Kofexmalin ကလေးချောင်းဆိုးပျောက်ဆေး၊ Makoff ကလေးချောင်းဆိုးပျောက်ဆေးနှင့် Magrip N အအေးမိပျောက်ဆေးတို့ ့ဖြစ်သည်။

အောက်တိုဘာ ၆ ရက်တွင် ဂမ်ဘီယာ အာဏာပိုင်များသည် West Coast ဒေသနှင့် Upper River ဒေသတို့ရှိ ကျေးလက်နေ အိမ်ထောင်စုများထံမှ ပါရာစီတမောနှင့် ပရိုမီသာဇင်ဆေးတိုု့ကို စတင်စုဆောင်းခဲ့ကြသည်။

ဇူလိုင်လတွင် စတင်ခဲ့ပြီး ဆက်လက် လုပ်ဆောင်နေသော ဂမ်ဘီယာကျန်းမာရေးဝန်ကြီးဌာန စုံစမ်းစစ်ဆေးမှုတွင် အီကိုလိုင် ဘက်တီးယားသည် ပြင်းထန်ကျောက်ကပ်ပျက်စီးမှု ဖြစ်ရသည့် ဖြစ်နိုင်ဖွယ်အကြောင်းရင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“အခု ဖြစ်ပွားရာမှာ ပြင်းထန်ကျောက်ကပ်ပျက်စီးမှုကို ဖြစ်စေတဲ့ ပါရာစီတမောနဲ့ ပရိုမီသာဇင်ဆေးရည်တွေဟာ အလားအလာအရှိဆုံးဖြစ်တယ်ဆိုတာကို လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုကနေရရှိလာတဲ့ ကနဦးရလဒ်တွေ ညွှန်ပြနေပါတယ်”ဟု ကျန်းမာရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ပြုလုပ်ပေးနေသည့် ကျောက်ကပ်အထူးကု အဘူဘာကားဂျာဂနီက အေအက်ဖ်ပီကို ပြောကြားသည်။

ပါရာစီတမောသို့မဟုတ် ပရိုမီသာဇင် ဆေးရည်များပါသော ဆေးအားလုံးကို ပြန်လည်သိမ်းယူရန် စက်တင်ဘာ ၂၃ ရက်တွင် ကျန်းမာရေးအာဏာပိုင်များက ညွှန်ကြားခဲ့သည်။

ဂမ်ဘီယာသည် နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးရေကြီးမှုကို ဇူလိုင်လတွင် ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် ရေဆိုးပိုက်များနှင့် အိမ်သားများ လျှံထွက်မှု ဖြစ်ခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ကာ ကလေးများအကြားတွင် ပြင်းထန်ကျောက်ကပ်ရောဂါဖြစ်ပွားမှု မြင့်တက်လာကာ သေဆုံးမှုများလာသည်ဟု ဆိုသည်။ အထူးသဖြင့် ဝမ်းလျှော ဝမ်းပျက်ဖြစ်ပွားပြီး ကလေးများ သေဆုံးမှု မြင့်တက်လာခြင်းဖြစ်သည်ဟု သိရသည်။ ကလေးများ၏ မစင်တွင် အီကိုလိုင်ဘက်တီးယားပိုးကို တွေ့ရသည်။ ထိုကလေးအများစုမှာ ပါရာစီတမောဆေးရည် သောက်ခဲ့ကြသည်ဟု ဆိုသည်။ 

Most Read

Most Recent