၂၀၂၂ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုကို  ပြင်သစ်စာရေးဆရာမ အန်နီအာနို ရရှိ

၂၀၂၂ ခုနှစ် စာပေဆိုင်ရာ နိုဘယ်ဆုကို  ပြင်သစ်စာရေးဆရာမ အန်နီအာနို ရရှိ
Published 6 October 2022

 ပြင်သစ်စာရေးဆရာမ အန်နီအာနိုသည် "တစ်ကိုယ်ရည်မှတ်ဉာဏ်နှင့်ပတ်သက်၍ ဇာစ်မြစ်များ၊ စိမ်းကားသွားရခြင်းများနှင့် စုပေါင်းချုပ်နှောင် ကန့်သတ်ထားမှုများကို သတ္တိရှိမှု၊ လက်တွေ့ကျကျ ထိုးထွင်းသိမြင်မှုတို့ဖြင့် ဖော်ထုတ်ပေးသည့်အတွက်" ယခုနှစ် စာပေဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရကြောင်း ဆွီဒင်အကယ်ဒမီက အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

 ယခုအခါ အသက် ၈၂ နှစ်အရွယ် ရှိပြီဖြစ်သော အာနိုသည် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဝတ္ထုရှည်များကို စတင်ရေးသားခဲ့သော်လည်း ကိုယ်တွေ့မှတ်တမ်းများကိုသာ ဦးစားပေးရန်အတွက် စိတ်ကူးယဉ်ဝတ္ထုများကို အလျင်အမြန် စွန့်လွှတ်ခဲ့သည်။

သူ၏စာအုပ် ၂၀ ကျော်အနက် အများစုသည် သူ၏ ဘဝနှင့် သူ့ပတ်ဝန်းကျင်ရှိလူများ၏ ဘဝများနှင့်ပတ်သက်၍ မှတ်တမ်းတင်ထားသည့် အလွန်တိုတောင်းသော အဖြစ်အပျက်များ ဖြစ်ကြသည်။ ၎င်းတို့သည် လိင်ပိုင်းဆိုင်ရာ တွေ့ကြုံရမှုများ၊ ကိုယ်ဝန်ဖျက်ချမှု၊ နာမကျန်းဖြစ်မှုနှင့် သူ၏ မိဘများ သေဆုံးမှုတို့နှင့်ပတ်သက်၍ အလျှော့အတင်းမရှိသော ရုပ်ပုံလွှာများကို တင်ပြထားခြင်းဖြစ်သည်။

စာပေနိုဘယ်ဆု ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ အန်ဒါးအော်လ်ဆင်က အာနို၏လက်ရာသည် “အလျှော့အတင်းမရှိဘဲ ရိုးရှင်းသော ဘာသာစကားဖြင့် ရေးသားထားကာ ခြစ်ယူထားသလို သန့်စင်သည် ဟု ဆိုသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းတွင် ဆုရကြောင်း ကြေညာပြီးနောက် “သူဟာ လေးစားစရာကောင်းပြီး တည်တံ့ခိုင်မြဲတဲ့ တစ်စုံတစ်ရာကို ရယူနိုင်ခဲ့တာပါ"ဟု အော်လ်ဆင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

အာနိုသည် သူ၏ရေးဟန်ကို "တုံးတိအရေးအသား" (ecriture plate) အဖြစ် ဖော်ပြသည်။ သူ ဖော်ပြသည့် အဖြစ်အပျက်များနှင့်ပတ်သက်၍ အလွန်ဓမ္မဒိဋ္ဌာန်ကျသော ရှုမြင်ပုံတစ်ရပ်ကို အမွှမ်းတင်မှု သို့မဟုတ် စိတ်ခံစားမှုများ လွှမ်းခြုံထားမှုတို့ဖြင့် ပုံဖော်ခြင်းမပြုလုပ်ဘဲ တုံးတိတိသာ ဖော်ပြသည်။

သူ့ကို နာမည်ရစေသည့် “La Place” (လူတစ်ယောက်၏ နေရာ) ဟူသည့် စာအုပ်တွင် ဖခင်နှင့် သူ၏ ဆက်ဆံရေးအကြောင်း ရေးသားထားသည်။ ယင်းနှင့်ပတ်သက်၍ “ကဗျာဆန်တဲ့ အမှတ်ရချက်တွေ မပါဘူး၊ ထေ့ငေါ့မှုကလည်း အားရရွှင်မြူးစေတဲ့ ဖော်ပြချက်တွေ မဟုတ်ပါဘူး။ ဒီကြားနေရေးဟန်က ကျွန်မဆီကို သဘာဝအတိုင်းပဲ ရောက်လာတာပါဟု အာနိုက ပြောခဲ့ဖူးသည်။

သူ၏ ဝေဖန်မှုအခံရဆုံးစာအုပ်မှာ ၂၀၀၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော "နှစ်များ" (Les annees) ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှ ယနေ့ခေတ်အထိ သူကိုယ်တိုင်နှင့် ပိုမိုကျယ်ပြန့်သော ပြင်သစ်လူ့အဖွဲ့အစည်းအကြောင်းကို ဖော်ပြထားသည်။

ယခင်စာအုပ်များနှင့်မတူဘဲ "နှစ်များ"တွင် အာနိုသည် သူ၏ ဇာတ်ကောင်ကို “ငါ ဟု ခေါ်ဆိုခြင်းမပြုဘဲ “သူမဟု ခေါ်ဆိုကာ တတိယလူအဖြစ် သူကိုယ်တိုင်၏အကြောင်းကို ရေးသားထားသည်။

ထိုစာအုပ်သည် ဆုတံဆိပ်များစွာနှင့် ဂုဏ်ပြုမှုများစွာကို ရရှိခဲ့သည်။

Most Read

Most Recent