ယူဂန်ဒါနိုင်ငံတွင် အီဘိုလာရောဂါကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးသေဆုံး ကြောင်း အောက်တိုဘာ ၅ ရက်တွင်အတည် ပြုထုတ်ပြန်ခဲ့ပြီးနောက် ယင်းရောဂါကြောင့် သေဆုံးသူပေါင်း ၁၀ ဦးအထိရှိလာခဲ့သည်ဟု သိရသည်။
အစိုးရက နိုင်ငံတွင်း အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် သီတင်းနှစ်ပတ်အကြာတွင် သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၅ ရက်နေ့အစောပိုင်းက အသက် ၅၈ နှစ်အရွယ် မေ့ဆေးဆိုင်ရာ တာဝန်ရှိသူတစ်ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဝန်ကြီး ဂျိမ်းရု အက်နက်အိုစီရိုက ပြောကြားခဲ့သည်။
“ကွယ်လွန်သူ မာဂရက်ဟာ လက်ရှိ အီဘိုလာရောဂါကူးစက်မှုဖြစ်စဉ်မှာ ကျွန်တော်တို့တွေ ဆုံးရှုံးခဲ့ရတဲ့ လေးယောက်မြောက် ကျန်းမာရေးဝန်ထမ်းဖြစ်ပါတယ်”ဟု အိုစီရိုက ပြောကြားခဲ့ပြီး ယင်းမတိုင်မီ တန်ဇန်နီးယားဆရာဝန်တစ်ဦး၊ ကျန်းမာရေးလက်ထောက်တစ်ဦးနှင့် ဝမ်းဆွဲတစ်ဦးသေဆုံးခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန၏ အောက်တိုဘာ ၃ ရက်တွင်နောက်ဆုံးထုတ်ပြန်ထားသည့်စာရင်းအရ ယူဂန်ဒါနိုင်ငံတွင် အီဘိုလာ ရောဂါအတည်ပြုလူနာပေါင်း ၄၃ ဦးအထိရှိသည်ဟု ဆိုသည်။
မူဘန်ဒီတွင် ကနဦးကူးစက်မှုဖြစ်စဉ်ကို တွေ့ရှိချိန်ကတည်းက ကက်ဆန်ဒါ၊ ကီဂက်ဝါနှင့် ကာဂါဒီစသည့် အခြားခရိုင်သုံးခုတွင်လည်း အီဘိုလာရောဂါကူးစက်မှုဖြစ်စဉ်များကို တွေ့ရှိခဲ့သော်လည်း သမ္မတမူဆီဗီနီကမူ ရောဂါကူးစက်ဖြစ်ပွားနေသည့် ဒေသများကို ပိတ်ဆို့ခြင်းပြုသွားမည်မဟုတ်ဟု ကတိပြုပြောကြားခဲ့ကာ “စိုးရိမ်စရာ မလိုသေးပါဘူး” ဟု လွန်ခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
ဆီဗီနီက အီဘိုလာရောဂါဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆသော အခြားလူ ၁၉ ဦးလည်း သေဆုံးခဲ့ပြီး ၎င်းတို့အားရောဂါကူးစက်ခံရခြင်း ရှိ၊ မရှိမစစ်ဆေးနိုင်မီ မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်းပြောကြားခဲ့သည်။
အီဘိုလာဗိုင်းရပ်စ်၏ သဘာဝ လက်ခံကောင်မှာ လင်းနို့ဖြစ်ပြီး ယင်းဗိုင်းရပ်စ်ကို ၁၉၇၆ ခုနှစ်က ကွန်ဂို (ယင်းအချိန်က ဇိုင်ရီ) တွင် ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကာ အာဖရိကတိုက်တွင် ကူးစက်ရောဂါဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၀၀၀ ခန့် သေ ဆုံးခဲ့သည်။
ခန္ဓာကိုယ်အရည်များမှတစ်ဆင့် လူအချင်းချင်းကူးစက်နိုင်သည့် ယင်းရောဂါ၏ အဓိကလက္ခဏာများမှာ ဖျားနာခြင်း၊ အော့အန်ခြင်း၊ သွေးထွက်ခြင်းနှင့် ဝမ်းလျှောခြင်း တို့ဖြစ်သည်။ ကူးစက်မှုများကို ထိန်းချုပ်ရန် ခက်ခဲပြီး အထူးသဖြင့် မြို့ပြပတ်ဝန်းကျင်များတွင် ပိုမို ခက်ခဲသည်။ ကူးစက်ခံရသူသည် ရောဂါလက္ခဏာများ မပေါ်မီအချိန်အထိ ကူးစက်ခံရကြောင်း မသိရဘဲ ရောဂါပျိုးသည့် အချိန်သည် နှစ်ရက် မှ ၂၁ ရက်ကြားဖြစ်သည်။
လက်ရှိအချိန်အထိ အီဘိုလာရောဂါကို ကာကွယ်ရန် သို့မဟုတ်ကုသရန် တရားဝင် ဆေးဝါးများမရှိသေးဘဲ စမ်းသပ်ဆဲအဆင့် ဆေးဝါးများသာ ထုတ်လုပ်နိုင်ဆဲဖြစ်ကာ ကွန်ဂိုနှင့် အိမ်နီးချင်းနိုင်ငံများတွင် ယင်းစမ်းသပ်ဆဲအဆင့် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။














