တရုတ်သည် ထိုင်ဝမ်ရေလက်ကြားအတွင်း နယ်စပ်စည်းတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံထားရသည့် တရားဝင်မဟုတ်သည့် ‘အလယ်စည်း’ ကို ဖြတ်ကျော်နေခြင်းဖြင့် စစ်ရေးလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အပြန်အလှန်နားလည်မှုဖြင့် ဖွင့်ဟရန်မလိုသည့် သဘောတူညီမှုတစ်ခုကို ဖျက်ဆီးခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချူကော့ချန်းက အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြားအတွင်း အလယ်စည်းနှင့်ပတ်သက်ပြီး အပြန်အလှန်ထားရှိသည့် နားလည်မှုသည် အဆုံးသတ်သွားကြောင်းဝန်ခံခဲ့ချိန်တွင် တရုတ်အနေဖြင့် ထိုင်ဝမ်၏ သည်းခံနိုင်မှုအတိုင်းအတာကို သတ်မှတ်ထားသည့် ‘အနီရောင်စည်း’ ကို ကျော်လာခဲ့မည်ဆိုပါက ထိုင်ဝမ်အနေဖြင့် တုံ့ပြန်သွားမည်ဟု ချူက ထိုင်ဝမ်လွှတ်တော်တွင် ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ အနီရောင်စည်းသည် မည်သည့်ပုံစံမျိုးဖြစ်သည်ကို ၎င်းက ရှင်းလင်းပြောကြားခြင်းမရှိခဲ့သော်လည်း ဒရုန်းများအပါအဝင် တရုတ်လေယာဉ်များက ထိုင်ဝမ်၏နယ်နိမိတ်အတွင်း ပျံသန်းဝင်ရောက်သည့် လုပ်ဆောင်ချက်များပါဝင်နေဖွယ်ရှိသည်။ ထို့ပြင် ချူက ထိုင်ဝမ်ရေလက်ကြားအတွင်းမှ အလယ်စည်းကို ထိုင်ဝမ်၏ အနီရောင်စည်းအဖြစ် သတ်မှတ်ပြောကြားခြင်းလည်း မရှိပေ။
တရုတ်သည် ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသည့် ထိုင်ဝမ်ကို ၎င်း၏ နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားကာ သြဂုတ်လက ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ လာရောက်ခဲ့မှုကို ဒေါသထွက်ကြောင်း ပြသသည့်အနေဖြင့် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် ထိုင်ဝမ်အပေါ်မှ ကျော်ဖြတ်ပြီး ဒုံးကျည်များပစ်လွှတ်မှုအပါအဝင် အကြီးစားစစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ ထို့ပြင် တရုတ်သည် ထိုင်ဝမ်အပေါ် နိုင်ငံရေးနှင့် စစ်ရေးဖိအားများကိုလည်း တိုးမြှင့်ခဲ့သည်။
ယင်းအချိန်မှစပြီး ထိုင်ဝမ်အနီးတွင် တရုတ်၏ စစ်ရေးလှုပ်ရှားမှုများ ဆက်ရှိနေခဲ့ပြီး တရုတ်စစ်လေယာဉ်များသည် အလယ်စည်းကို ဖြတ်ကျော်ပြီး ပျံသန်းမှုများပြုလုပ်ခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားအတွင်းမှ အလယ်စည်းသည် တရုတ်နှင့် ထိုင်ဝမ်အကြား တရားဝင်ကြေညာထားခြင်းမရှိသည့် အတားအဆီးတစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရှုမြင်ခံခဲ့ရသည်။
“အလယ်စည်းဟာ အားလုံးအတွက် အပြန်အလှန်နားလည်မှုနဲ့ ဖွင့်ပြောဖို့မလိုတဲ့ သဘောတူညီမှုတစ်ခုဖြစ်ပါတယ်။ အဲဒီသဘောတူညီမှုဟာလည်း ဖျက်ဆီးခံခဲ့ရပါပြီ” ဟု ချူက လွှတ်တော်ကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြားသည် ကီလိုမီတာ ၁၈၀ ကျယ်ဝန်းပြီး အလယ်စည်းသည် ထိုင်ဝမ်ရေပြင်များနှင့် ကီလိုမီတာ ၄၀ အကွာတွင် တည်ရှိသည်။
တရုတ်နှင့် တင်းမာမှုများကို မြင့်တက်စေသည့် အရဲစွန့်မှုများကို မပြုလုပ်ပါက ယင်းအလယ်စည်းကို ကာကွယ်ရန် ခက်ခဲလိမ့်မည်ဟု ထိုင်ဝမ်အရာရှိအချို့နှင့် လုံခြုံရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ယင်းအလယ်စည်းကို တရုတ်က ဖြတ် ကျော်နေမှုများသည် တရုတ်အနေဖြင့် တစ်စုံတစ်ခုကို ပြုလုပ်နေသည့် နည်းလမ်းသစ်တစ်ခုဖြစ်ပြီး ထိုင်ဝမ်က ခုခံသွားမည်ဟု ချူက ပြောကြားခဲ့သည်။
“သူတို့ (တရုတ်) က ပုံမှန်အသစ်တစ်ခု ဖန်တီးချင်နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မပြောင်းလဲပါဘူး။ သူတို့လာတဲ့ အချိန်မှာ ကျွန်တော်တို့က ပြတ်သားစွာ ခုခံသွားမှာပါ။ ကျွန်တော်တို့ အလျှော့မပေးပါဘူး”ဟု ချူက ပြောကြားခဲ့သည်။














