စားနပ်ရိက္ခာ အကျပ်အတည်းကိုဖြေရှင်းရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ခန့်သည် အရေးပေါ်အကူအညီများ လိုအပ်နေဖွယ်ရှိဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ပြောကြား

စားနပ်ရိက္ခာ အကျပ်အတည်းကိုဖြေရှင်းရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ခန့်သည် အရေးပေါ်အကူအညီများ လိုအပ်နေဖွယ်ရှိဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ပြောကြား
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်စတာလီနာ ဂျော်ဂျီဗာကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (Photo-Reuters)
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ ဦးဆောင်ညွှန်ကြားရေးမှူး ခရစ်စတာလီနာ ဂျော်ဂျီဗာကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (Photo-Reuters)
Published 4 October 2022
Ref:Reuters

အာဖရိကဒေသမှ အများစုဖြစ်သည့် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ခန့်သည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေဖွယ်ရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။

IMF ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ခရစ်စတာလီနာဂျော်ဂျီဗာက ဆော်ဒီအာရေဘီးယားနိုင်ငံ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အာရပ်ကမ္ဘာရှိ လူသန်းပေါင်း ၁၄၁ သန်းသည် စားနပ်ရိက္ခာမလုံလောက်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

ယူကရိန်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ကုန်စျေးနှုန်းမြင့်တက်မှုနှင့် စားနပ်ရိက္ခာ ပြတ်လပ်မှုတို့ကို ထိခိုက်လွယ်သော နိုင်ငံများအနေဖြင့် ကိုင်တွယ်ဖြေရှင်းရာတွင် အကူအညီပေးရေးအတွက် IMF အဖွဲ့ကြီးက တည်ဆဲအရေးပေါ်ငွေကြေးထောက်ပံ့မှု အစီအစဉ်အရ Food Shock Window ဟု အမည်ရသည့် ချေးငွေထုတ်ပေးရေးအစီအစဉ်သစ်ကို စက်တင်ဘာ ၃၀ ရက်တွင် အတည်ပြုခဲ့သည်။

အဓိကအားဖြင့် ကမ္ဘာ့နိုင်ငံပေါင်း ၄၈ နိုင်ငံသည် စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ဂျော်ဂျီဗာက ဆိုသည်။

“အဲဒီနိုင်ငံပေါင်း ၄၈ နိုင်ငံထဲက ၁၀ နိုင်ငံကနေ နိုင်ငံ ၂၀ လောက်အထိဟာ အရေးပေါ်အထောက်အပံ့တွေကို တောင်းခံလာဖွယ်ရှိတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့ပြီး အဆိုပါနိုင်ငံအများစုသည် အာဖရိက ဆာဟာရဒေသခွဲ နိုင်ငံများဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ “သင်တို့အတွက် မိမိတို့ ဒီမှာရှိနေခြင်းဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။

IMF အနေဖြင့် လက်ရှိအခြေအနေမှ သက်သာရာရနိုင်ရန်အတွက် စားသောက်ကုန် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဆန့်ကျင်သွားမည်ဖြစ်ကာ ယမန်နှစ်က ချထားပေးသည့် Special Drawing Rights ခွဲဝေသတ်မှတ်ချက်များအတိုင်း ချေးငွေအစီအစဉ်ကို အထောက်အပံ့ပေးရန် စီစဉ်ထားသည်ဟု သိရသည်။

အရှေ့အလယ်ပိုင်းဒေသနှင့် အခြားနိုင်ငံများသည် စားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခြင်းနှင့် ကမ္ဘာ့ပထဝီဝင်နိုင်ငံရေး ဖြစ်စဉ်များနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတုံ့ဆိုင်းကျဆင်းမှု မြင့်တက်လာနိုင်သည့် အခြေအနေတို့ကြောင့် ပိုမိုဆိုးရွားလာသည့် စားသောက်ကုန် မလုံလောက်မှုပြဿနာနှင့် ရင်ဆိုင်နေရသည့် နိုင်ငံများအား ကူညီထောက်ပံ့ရန် အရှိနြ်မှင့်လုပ်ဆောင်လာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ထောက်ပံ့မှု အကျပ်အတည်းကို လျှော့ချနိုင်ရန်အတွက် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ထောက်ပံ့သွားမည်ဟု အာရပ်နိုင်ငံများ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့က မကြာသေးမီက ကြေညာခဲ့ပြီးနောက်တွင် ပင်လယ်ကွေ့နိုင်ငံများက နောက်ထပ်အထောက်အပံ့များကို ကတိပြုရန် စီစဉ်နေသည်ဟု ဂျော်ဂျီဗာက ပြောကြားခဲ့သည်။

မြို့တော်ရိယက်၌ IMF ၏ ဌာနေကိုယ်စားလှယ်ရုံးဖွင့်လှစ်ရန် IMF အဖွဲ့နှင့် ဆော်ဒီအာရေဘီးယား အစိုးရတို့အကြား သဘောတူလက်မှတ်ရေးထိုးထားသည်။

Most Read

Most Recent