ယူကရိန်းတွင် ဆင်နွှဲနေသော ရုရှားစစ်ပွဲကို ထောက်ခံမည်ဆိုပါက တရုတ်ရင်းနှီးမြှုပ်နှံမှု ထိခိုက်မည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင်းပင်ကို သတိပေး

ယူကရိန်းတွင် ဆင်နွှဲနေသော ရုရှားစစ်ပွဲကို ထောက်ခံမည်ဆိုပါက တရုတ်ရင်းနှီးမြှုပ်နှံမှု ထိခိုက်မည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင်းပင်ကို သတိပေး
သမ္မတပူတင်က သမ္မတရှီကျင်းပင်ကို စကားပြောနေပုံအား စက်တင်ဘာ ၁၆ ရက်တွင် တွေ့ရစဉ် (Photo-AFP)
သမ္မတပူတင်က သမ္မတရှီကျင်းပင်ကို စကားပြောနေပုံအား စက်တင်ဘာ ၁၆ ရက်တွင် တွေ့ရစဉ် (Photo-AFP)
Published 19 September 2022
Ref:AFP, Reuters

ယူကရိန်းကို ကျူးကျော်ခြင်းနှင့်ပတ်သက်၍ မဟာမိတ်နိုင်ငံများက ရုရှားအပေါ်ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကို တရုတ်က ချိုးဖောက်မည်ဆိုပါက ယင်းသည် ရင်းနှီးမြှုပ်နှံမှုအခြေအနေကို ထိခိုက်စေမည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင်းပင်ကို သတိပေးခဲ့သည်။

စက်တင်ဘာ ၁၈ ရက်တွင် ထုတ်လွှင့် ခဲ့သည့် CBS သတင်းဌာနနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းအစီအစဉ်၏ ကောက်နုတ်ချက်တစ်ခုတွင် ဘိုင်ဒင်က ရှီကိုယင်းသို့ပြောခဲ့ခြင်းဖြစ်သည်။ ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းသည် အလွန်ကြီးမားသော အမှားဖြစ်လာလိမ့်မည်ဟု ဘိုင်ဒင်က သတိပေးခဲ့ခြင်းဖြစ်သော်လည်း လက်ရှိအချိန်ထိ တရုတ်သည် လက်နက်ရောင်းချမှုများဖြင့် ရုရှားစစ်ရေးကြိုးပမ်းမှုကို တက်ကြွစွာ ထောက်ခံသည်ဆိုသော အရိပ်လက္ခဏာမ တွေ့ရပေ။

ဖေဖော်ဝါရီ ၄ ရက်တွင် ပေကျင်းအိုလံပစ်ပြိုင်ပွဲ၌ ရှီက ပူတင်ကို တွေ့ဆုံခဲ့ကာ ပူတင်ကို ထောက်ခံကြောင်း ပြောကြားခဲ့ပြီး မကြာမီ ဖုန်းခေါ်ဆိုမှုအတွင်း မိမိကယင်းသို့သတိပေးခဲ့ခြင်းဖြစ်သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

“ကျွန်တော်က သမ္မတရှီထံ ဖုန်းဆက်ခဲ့ပါတယ်။  ခြိမ်းခြောက်ဖို့ ဖုန်းဆက်ခဲ့တာ မဟုတ်ပါဘူး။ ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ခင်ဗျားရဲ့ ချိုးဖောက်မှုအပေါ်မူတည်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေက တရုတ်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံမယ့်ကိစ္စကို စဉ်းစားမယ်ဆိုပြီး ပြောဖို့ ရှီထံ ဖုန်းဆက်ခဲ့တာဖြစ်ပါတယ်။ ခင်ဗျားဟာ အင်မတန်ကြီးမားတဲ့အမှားကို လုပ်နေတယ်လို့ ထင်ပါတယ်” ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

“လက်ရှိအချိန်ထိ သူတို့က ပူတင်အလိုရှိနေတဲ့ လက်နက်တွေ ဒါမှမဟုတ် အခြားဟာတွေကို ထည့်သွင်းစဉ်းစားတဲ့ လက္ခဏာမတွေ့ ရသေးပါဘူး” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။

တရုတ်-ရုရှားမဟာမိတ်သည် စင်စစ်အားဖြင့် အမေရိကန်ပြည်ထောင်စုက စစ်အေးတိုက်ပွဲသစ်တစ်မျိုးကို တိုက်နေရခြင်းဆိုသည့် ထင်မြင်ချက်ကိုလည်း အမေရိကန်သမ္မတက ငြင်းဆန်ခဲ့သည်။

“တရုတ်-ရုရှား မဟာမိတ်ဟာ ပိုရှုပ်ထွေးတဲ့ စစ်အေးသစ်ဖြစ်တယ်လို့ မထင်ပါဘူး” ဟု ဘိုင်ဒင်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားလုံခြုံရေးကောင်စီအတွင်းရေမှူး နီကိုလိုင်ပါထရူရှက်ဗ်သည် တရုတ်သို့ နှစ်ရက်ကြာခရီးကို စက်တင်ဘာ ၁၈ ရက်တွင် စတင်ခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၎င်းသည် နှစ်ရက်ကြာ ခရီးစဉ်အတွင်း လုံခြုံရေးဆွေးနွေးတိုင်ပင်မှုများ၊ အစည်းအဝေးများကို တက်ရောက်မည်ဟု ထုတ်ပြန်ချက်တွက် ဆက်လက်ဖော်ပြထားသည်။

ခရီးစဉ်အတွင်းတွင် ပါထရူရှက်ဗ်သည် ၁၇ ကြိမ်မြောက် တရုတ်၏ ရုရှားမဟာဗျူဟာမြောက်လုံခြုံရေး ညှိုနှိုင်းတိုင်ပင်မှုများ၊ သတ္တမအကြိမ်မြောက် China-Russia law enforecement security cooperation အစည်းအဝေးတို့ကို တက်ရောက်မည်ဟု စက်တင်ဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်း၏ ဝက်ဆိုက်တွင် ထုတ်ပြန်ခဲ့သောထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ သမ္မတရှီကျင်းပင်နှင့် သမ္မတပူတင်တို့သည် လွန်ခဲ့သောရက်ပိုင်းတွင် တွေ့ဆုံ ခဲ့ကြသည်။                   

 

Most Read

Most Recent