ပိုမိုမျှတ၍ ကျိုးကြောင်းဆီလျော်သည့် ဦးတည်ချက်လားရာအတိုင်း ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို ရုရှားနှင့်အတူ ပုံဖော်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိနေကြောင်း တရုတ်၏ အဆင့်မြင့်သံတမန်တစ်ဦးက ပြောကြားခဲ့သည်။
ယခုသီတင်းပတ်ထဲတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံရန် ပြင်ဆင်နေချိန်တွင် ၎င်းကယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်အေးခေတ် မဟာမိတ်ဟောင်းများဖြစ်သည့် တရုတ်နှင့် ရုရှားတို့သည် မကြာသေးမီနှစ်များအတွင်း ပိုမိုနီးကပ်သောဆက်ဆံရေးကို ထူထောင်ခဲ့ကြပြီး ကမ္ဘာကြီးအား အမေရိကန်ပြည်ထောင်စု၏ လွှမ်းမိုးထားမှုကို တန်ပြန်ချိန်ညှိရန်ရန် ကြိုးပမ်းမှုအဖြစ် နှစ်နိုင်ငံအကြား အကန့်အသတ်မဲ့မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ခဲ့သည်။
“သမ္မတရှီကျင်းပင်နဲ့ သမ္မတဗလာဒီမာ ပူတင်တို့ရဲ့ မဟာဗျူဟာကျကျ လမ်းညွှန်ချက်တွေနဲ့အညီ နှစ်နိုင်ငံဆက်ဆံရေးဟာ လမ်းကြောင်းမှန်ပေါ်မှာ အမြဲတစေဆက်ရှိနေမှာဖြစ်ပါတယ်” ဟု တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်ပရေးရာ အကြီးအကဲဖြစ်သူ ရန်ကျဲချီက တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်အန်ဒရေဒီနီဆော့ဗ်ကို စက်တင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် အဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှု၏ အနှစ်သာရကို ဆက်လက်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံဘုံအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် ပိုမိုမျှတမှုရှိပြီး ကျိုးကြောင်းဆီလျော်သည့် ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်း ဖော်ဆောင်မှုကို မြှင့်တင်ရေးအတွက် ရုရှားနှင့် ပူးပေါင်းဆောင်ရွက်သွားရန် တရုတ်နိုင်ငံက ဆန္ဒရှိပါကြောင်းလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကလည်း နှစ်နိုင်ငံဆက်ဆံရေး၏ အကျိုးဖြစ်ထွန်းသော ရလဒ်များအဖြစ် ချီးကျူးပြောဆိုခဲ့သည်။
ယူကရိန်းအား ကျူးကျော်ခဲ့ခြင်းအတွက် အနောက်နိုင်ငံများ၏ မကြုံဖူးလောက်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ရုရှားသည် အာရှနိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရန် ကြိုးပမ်းလာခဲ့သည်။
တရုတ်နှင့် အနောက်နိုင်ငံများအကြား တင်းမာမှုမြင့်တက်လျက်ရှိပြီး တရုတ်အနေဖြင့် ယူကရိန်းအား ရုရှား၏ကျူးကျော်မှုကို ရှုတ်ချခဲ့ခြင်းမရှိသကဲ့သို့ အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ခြင်းနှင့် ယူကရိန်းအား စစ်လက်နက်များ ရောင်းချခြင်းတို့ကို တရုတ်က ဝေဖန်ခဲ့ပြီး ရုရှားအပေါ်သံတမန်နည်းအရ အကာအကွယ်ပေးခဲ့သည်။
သမ္မတရှီနှင့် သမ္မတပူတင်တို့သည် ယခုသီတင်းပတ်အတွင်း ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်မြို့၌ ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (SCO) ထိပ်သီးအစည်းအဝေး၌ ဘေးဆွယ်တွေ့ဆုံမှုအဖြစ် တွေ့ဆုံသွားမည်ဖြစ်သည်။
ပြီးခဲ့သည့်သီတင်းပတ်တွင် တရုတ်အစိုးရ၏ ထိပ်တန်းဥပဒေပြုပုဂ္ဂိုလ် လီကျန်းရှုသည်လည်း ရုရှားကို သွားရောက်ခဲ့ပြီး ယင်းသည်ယူကရိန်းစစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ရုရှားသို့ သွားရောက်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ တရုတ်-ရုရှား ခေါင်းဆောင်နှစ်ဦးအကြား ဆက်ဆံရေးနက်ရှိုင်းလာသကဲ့သို့ ယခုနှစ် ၇ လတာအတွင်း နှစ်နိုင်ငံကုန်သွယ်မှုသည် သုံးပုံတစ်ပုံနီးပါးမြင့်တက်ခဲ့သည်။














