မကြာသေးမီက တရုတ်၏ စစ်ရေးလေ့ကျင့်မှုများအတွင်း တရုတ်တပ်ဖွဲ့ဝင်များကို တန်ပြန်ရန် အရေးပေါ်လေယာဉ်ပျံတက်မှုများ အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ရသည့်အတွက် ထိုင်ဝမ်စစ်တပ်၏ တိုက်ခိုက်ရေးစွမ်းရည်များ ပိုမိုရင့်ကျက်ကောင်းမွန်လာခဲ့သည်ဟု ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လတွင် တိုင်ပေသို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီ လာရောက်ခဲ့ပြီးနောက်တွင် တရုတ်က ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်၌ အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ ပယ်လိုစီ၏ ခရီးစဉ်သည် ထိုင်ဝမ်ကို အမေရိကန်က အခိုင်အမာထောက်ခံအားပေးမှုဖြစ်သည်ဟု တရုတ်က ရှုမြင်ထားပြီး ထို့နောက်တွင် ထိုင်ဝမ်အနီး၌ တရုတ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။
ထိုင်ဝမ်ရေလက်ကြား တစ်ဝိုက်၏အခြေအနေသည် တင်းမာနေဆဲဖြစ်ပြီး ခြိမ်းခြောက်မှုများ အဆုံးသတ်သွားခြင်းမရှိကြောင်း ထိုင်ဝမ်အရှေ့ဘက်ကမ်းခြေရှိ ဟွာလီယန် လေတပ်အခြေစိုက်စခန်း၌ လေတပ်တပ်ဖွဲ့ဝင်များကို သမ္မတဆိုင်အင်းဝမ်က ပြောကြားခဲ့သည်။
“စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ထိုင်ဝမ်စစ်တပ်ဟာ ရန်သူရဲ့ကျူးကျော်ရေးအကြံအစည်တွေကို တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်ခဲ့ပြီး တိုင်းပြည်လုံခြုံရေးအတွက် ကျားကုတ်ကျားခဲ ကာကွယ်စောင့်ရှောက်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း ထိုင်ဝမ်သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
“တိုက်ပွဲဝင်ဖို့ အသင့်ရှိနေရေးအတွက် လေ့ကျင့်ရေးမစ်ရှင်တွေ လုပ်ဆောင်ပြီးချိန်မှာ ထိုင်ဝမ်စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေဟာ ပိုမိုရင့်ကျက်လာခဲ့ပြီး ပိုမိုကောင်းမွန်လာခဲ့ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။ ထို့အတွက်ကြောင့် ထိုင်ဝမ်စစ်တပ်အတွက် အလွန်ဂုဏ်ယူမိကြောင်းလည်း ဆိုင်က ပြောကြားခဲ့သည်။
ဟွာလီယန် လေတပ်စခန်းတွင် လေယာဉ်ရုံများရှိပြီး Lockheed Martin ထုတ် F-16 တိုက်လေယာဉ်များထားရှိရာ နေရာလည်းဖြစ်သည်။
ထိုင်ဝမ်စစ်တပ်သည် စစ်လက်နက်အင်အား ကောင်းမွန်သော်လည်း တရုတ်စစ်တပ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ နိမ့်ကျနေသည်။ သမ္မတဆိုင်အင်းဝမ်သည် ထိုင်ဝမ်စစ်တပ်အား အဆင့်မြှင့်တင်တည်ဆောက်မှုများကို ဦးဆောင်လျက်ရှိပြီး ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးကိုလည်း ဦးစားပေးလုပ်ဆောင်ခဲ့သည်။
လူဦးရေ ၂၃ သန်း နေထိုင်သည့် ထိုင်ဝမ်သည် တရုတ်၏ကျူးကျော်မှုကို ခံရနိုင်သည့် အန္တရာယ်အောက်တွင် အမြဲတစေကျရောက်နေခဲ့ကာ ဒီမိုကရေစီစနစ်ကျင့်သုံးပြီး ကိုယ့်မင်းကိုယ့်ချင်း အုပ်ချုပ်နေသည့် ထိုင်ဝမ်သည် ၎င်းတို့၏ပိုင်နက်နယ်မြေဖြစ်ကြောင်း တရုတ်က အခိုင်အမာပြောဆိုလျက်ရှိသည်။
တရုတ်စစ်တပ်၏ ကင်းထောက်ဒရုန်းတစ်စင်းသည် ထိုင်ဝမ်လေကြောင်းကာကွယ်ရေးဇုန်ထဲသို့ ဝင်ရောက်လာခဲ့ကြောင်း ထိုင်ဝမ်က စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။ BZK-007 အမျိုးအစား ဒရုန်းတစ်စင်းသည် တရုတ်စစ်လေယာဉ် ရှစ်စင်းနှင့်အတူ ထိုင်ဝမ်လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်၏ အနောက်တောင်ဘက်သို့ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။














