စက်တင်ဘာ ၅ ရက်က တရုတ်နိုင်ငံအနောက်တောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် လူ ၆၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ သို့မဟုတ် ပိတ်မိနေသူ ရာနှင့်ချီရှိနိုင်ကာ နိုင်ငံအနောက်တောင်ပိုင်းရှိ ဝေးလံခေါင်သီသော ကျေးရွာများတွင် အပျက်အစီးပုံများကြား၌ အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးအဖွဲ့များက ပိုက်စိပ်တိုက် လိုက်လံရှာဖွေလျက်ရှိသည်။
စီချွမ်ပြည်နယ် ကန်တင်မြို့အရှေ့တောင်ဘက်၊ ၄၃ ကီလိုမီတာခန့်တွင် ပြင်းအား ၆.၆ မဂ္ဂနီကျုဒ်ရှိ ငလျင်တစ်ခု မြေအနက် ၁၀ ကီလိုမီတာအကွာကို ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ တိုင်းတာလေ့လာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ငလျင်ဒဏ်ကြောင့် အနည်းဆုံး ၆၅ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ဖော်ပြခဲ့ပြီး ဝေးလံခေါင်သီသော ဒေသတစ်ခုနှင့် အခြားဒေသများတွင် သောင်တင်နေသူ ၂၀၀ ကျော် ရှိနေသေးကြောင်းနှင့် ပျောက်ဆုံးနေသူအများအပြားရှိနေဆဲဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
နိုင်ငံပိုင် CCTV သတင်းဌာနက ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတွင် မီးသတ်ဝန်ထမ်းများက ဒဏ်ရာရရှိထားသည့် အမျိုးသမီးတစ်ဦးကို အပျက်အစီးပုံများကြားမှ ဆွဲထုတ်နေပုံနှင့် ယာယီတံတားတစ်စင်းပေါ်မှ ထမ်းစင်ဖြင့် ငလျင်ဘေးမှ အသက်ရှင်လွတ်မြောက်ခဲ့သူတစ်ဦးအား ခေါ်ဆောင်သွားပုံတို့ကို မြင်တွေ့ရပြီး အဆောက်အအုံများ ပျက်စီးနေကာ လမ်းမများပေါ်တွင် အင်္ဂတေအပျက်အစီးများ ပြန့်ကြဲနေပုံကိုလည်း မြင်တွေ့ရသည်ဟု သိရသည်။
ငလျင်ဒဏ်သင့် ဒေသများတွင် စက်တင်ဘာ ၈ ရက်အထိ မိုးရေချိန်အများအပြား ရွာသွန်းနိုင်ပြီး မြေပြိုမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို နှောင့်နှေးကြန့်ကြာစေနိုင်သည်ဟု တရုတ်မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။
တရုတ်မြေငလျင် ကွန်ရက်စင်တာ (CENC) က စက်တင်ဘာ ၅ ရက်တွင် မျှဝေခဲ့သည့် ဗီဒီယိုတစ်ခုတွင်လည်း လူတင်ဒေသ၌ တောင်စောင်းပေါ်မှ ကျောက်တုံးများ လိမ့်ဆင်းလာပုံနှင့် တုန်ခါမှုများကြောင့် လမ်းနံဘေးရှိ တယ်လီဖုန်းကြိုးများ လှုပ်ယမ်းနေပုံကို ပြသထားသည်။
ငလျင်ဒဏ်ကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး မြို့တစ်မြို့တွင် အပျက်အစီး ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်ဟုလည်း CCTV သတင်းဌာနက ဖော်ပြခဲ့သည်။
ငလျင်ဒဏ်ကြောင့် ပြည်နယ်မြို့တော် ချန်တူနှင့် အနီးဝန်းကျင်ရှိ မြို့ကြီးတစ်မြို့ဖြစ်သည့် ချုံချင့်ရှိ အဆောက်အအုံများ လှုပ်ခါသွားခဲ့ကြောင်း ဒေသခံများက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ ချန်တူမြို့၏ လူဦးရေသန်းပေါင်းများစွာသည် တင်းကျပ်သော လော့ဒေါင်းချမှုအောက်တွင် ကျရောက်နေသည်။
ဒေသစံတော်ချိန် စက်တင်ဘာ ၆ ရက် နံနက် ၇ နာရီအထိ ပြင်းအား ၃ မဂ္ဂနီကျုဒ်နှင့် အထက်ရှိသည့် နောက်ဆက်တွဲငလျင် လှုပ်ခတ်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်ဟု CCTV သတင်းဌာနက ဆိုသည်။
Hailuogou Scenic Resort တွင် ကယ်ဆယ်ရေးသမားများနှင့် အဆက်အသွယ်ပြတ်နေသူ ၂၀၀ ကျော် ရှိနေကာ ယင်းနေရာ၏ဝင်ပေါက်ကို ပိတ်ဆို့နေသည့် အပျက်အစီးများနှင့် ကျောက်တုံးများကို မြေထိုးစက်ဖြင့် ဖယ်ရှားနေပုံကိုလည်း CCTV သတင်းဌာနက ထုတ်လွှင့်သည့် ဗီဒီယိုတွင် မြင်တွေ့ရသည်။
ကယ်ဆယ်ရေးအစီအစဉ်များကို ဦးဆောင်ရန်အတွက် အထူးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားပြီး အရေးပေါ်တုံ့ပြန် ကယ်ဆယ်ရေးလုပ်ဆောင်ရန်အတွက်လည်း လူ ၆၅၀၀ ကျော်ကို စေလွှတ်ထားသည်ဟု သိရသည်။














