ဝေဟင်ကာကွယ်ရေးနှင့် လက်နက်အကူအညီများ ထပ်မံရရှိရေးအတွက် ယူကရိန်းဝန်ကြီးချုပ်ရှမိုင်ဂါ ဂျာမနီနိုင်ငံကိုသွားရောက်

ဝေဟင်ကာကွယ်ရေးနှင့် လက်နက်အကူအညီများ ထပ်မံရရှိရေးအတွက် ယူကရိန်းဝန်ကြီးချုပ်ရှမိုင်ဂါ ဂျာမနီနိုင်ငံကိုသွားရောက်
စက်တင်ဘာ ၄ ရက်က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေသည့် ဂျာမနီဝန်ကြီးချုပ်(ဝဲ) နှင့် ရှမိုင်ဂါတို့ကို တွေ့ရစဉ် (Photo-AFP)
စက်တင်ဘာ ၄ ရက်က ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူနေသည့် ဂျာမနီဝန်ကြီးချုပ်(ဝဲ) နှင့် ရှမိုင်ဂါတို့ကို တွေ့ရစဉ် (Photo-AFP)
Published 5 September 2022
Ref:AFP

ယူကရိန်းအတွက် နောက်ထပ်လက်နက်ကြီးများကို ဂျာမနီထံမှ ရရှိရန် ကြိုးပမ်းနေသော ယူကရိန်းဝန်ကြီးချုပ်ဒန်းစ်ရှမိုင်ဂါက ယူကရိန်း၏ဝေဟင်ကာကွယ်ရေးကို တည်ဆောက်ရာတွင် ဂျာမနီသည် အဓိကကူညီသောနိုင်ငံဖြစ်လာလိမ့်မည်ဟု မိမိမျှော်လင့်ကြောင်း စက်တင်ဘာ ၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ရှမိိုင်ဂါသည် လပေါင်းများစွာအတွင်း ဂျာမနီကို လာရောက်သည့် ယူကရိန်းထိပ်တန်းတာဝန်ရှိသူတစ်ဦးဖြစ်သည်။ ဂျာမနီနှင့် ယူကရိန်းတို့ နှစ်နိုင်ငံဆက်ဆံရေးများတွင် အခက်အခဲများရှိခဲ့ပြီးနောက် ယခုရှမိုင်ဂါ၏ခရီးစဉ်က နှစ်နိုင်ငံအကြား တင်းမာမှုများကို ပြေလျော့စေခဲ့သည်။

ယူကရိန်းကို ရုရှားကျူးကျော်ခဲ့ပြီးနောက် ကိယက်ဗ်ထံ စစ်ရေးပံ့ပိုးမှုနှင့်ပတ်သက်၍ ဂျာမနီ၏ ကနဦး တုံ့ပြန်မှုသည် အံ့သြတုန်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

သို့ရာတွင် ယင်းနောက်ပိုင်းတွင် ဂျာမနီသည် စစ်ရေးအကူအညီများကို သိိသိသာသာတိုးမြှင့်ခဲ့သည်ဟု ရှမိုင်ဂါက အသိအမှတ်ပြုခဲ့သည်။ ဂျာမနီသည် ဟောင်းဝဇ္ဇာတင့်ကား သို့မဟုတ် MARS ဒုံးပစ်လောင်ချာများကဲ့သို့သော လက်နက်ကြီးများကို အကူအညီပေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ဂျာမနီပေးပို့ခဲ့သော အဆိုပါလက်နက်များသည် စစ်မြေပြင်တွင် ကောင်းစွာအလုပ်ဖြစ်ခဲ့သည်ဟု ယူကရိန်းဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

Iris-T ဝေဟင်ကာကွယ်ရေးစနစ်ကို ဆောင်းဦးပေါက်တွင် ပေးပို့မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး ယူကရိန်းလေကြောင်းကာကွယ်ရေးကို တည်ဆောက်ရာတွင် ဂျာမနီသည် ဦးဆောင်နိုင်ငံဖြစ်လာမည်ဟု ယူကရိန်းက မျှော်လင့်ထားသည်ဟု ၎င်းက ပြောကြားခဲ့သည်။

စက်တင်ဘာ ၅ ရက်တွင် ဥရောပအတွက် မိမိ၏အမြင်ဆိုသော မိန့်ခွန်းကိုပြောကြားရာတွင် ဂျာမနီဝန်ကြီးချုပ်အိုလော့ဖ်ရှိုးလ်က ယူကရိန်း၏ ဝေဟင်ကာကွယ်ရေးနှင့် အမြောက်တပ်တည်ဆောက်ရာတွင် အကူအညီပေးသည့်အခါ ဂျာမနီ၌ အထူးတာဝန်ရှိသည်ဟု မိမိရှုမြင်ကြောင်းပြောကြားခဲ့သည်။

ယူကရိန်းအတွက် စစ်ရေးလိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ရန် အမေရိကန်ဦးဆောင်သော အစည်းအဝေးအတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများသည် စက်တင်ဘာ ၈ ရက်တွင် ဂျာမနီနိုင်ငံကို ရောက်ရှိလာမည်ဟု မျှော်လင့်ရသည်။

ယူကရိန်းကို ထောက်ပံ့ပေးရန် ဂျာမနီ၏ ကတိကဝတ်ကို ယင်းအစည်းအဝေးမတိုင်မီ ဝန်ကြီးချုပ်အိုလော့ဖ်ရှိုးလ်က အလေးပေးပြောကြားခဲ့သည်ဆိုသော်လည်း ယင်းသို့ကူညီရာတွင် ဂျာမနီအနေဖြင့် မိမိတို့၏မိတ်ဆွေများ၊ မိမိတို့၏ မဟာမိတ်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ယူကရိန်းဝန်ကြီးချုပ်သည် ဘာလင်ခရီးစဉ်၏ ပထမဆုံးခရီးတစ်ထောက်တွင် ဂျာမနီသမ္မတ ဖရန့်ဝေါလ်တာစတိုင်းမီးယားနှင့် တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံရာတွင် ရှမိုင်ဂါသည် စစ်ရေးအခြေအနေ၊ ပိတ်ဆို့မှုများကို ခိုင်မာအောင်လုပ်ဆောင်ရေး၊ ယူကရိန်းအတွက် လက်နက်ပံ့ပိုးမှု လိုအပ်ပုံတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဂျာမနီသည် ယူကရိန်းပြည်သူများနှင့်အတူ တစ်စည်းတစ်လုံးတည်းရှိခြင်းအတွက်လည်းကောင်း၊ အကူအညီပေးသည့်အတွက်လည်းကောင်း ကျေးဇူးတင်သည်ဟု ရှမိုင်ဂါက ပြောကြားခဲ့သည်။

ဂျာမနီသည် ယူကရိန်းဘက်က ယုံကြည်စွာ ဆက်လက်ရပ်တည်သွားမည်ဟု ဂျာမနီသမ္မတက ပြောကြားခဲ့သည်။     

Most Read

Most Recent