စက်တင်ဘာ ၃ ရက်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်ရန် တန်းစီစောင့်ဆိုင်းနေကြသည့် မော်တော်ယာဉ်အသုံးပြုသူများကို တွေ့ရစဉ် (Photo: AFP)
အင်ဒိုနီးရှားနိုင်ငံတွင် ဆန္ဒပြမှုများဖြစ်ပွားနိုင်ခြေရှိသည့်တိုင် အစိုးရသည် ထောက်ပံ့မှုများကို ထိန်းချုပ်ကန့်သတ်ရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများအဖြစ် စက်တင်ဘာ ၃ ရက်တွင် အစိုးရကထောက်ပံ့သည့် လောင်စာ စျေးနှုန်းများကို ၃၀ ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။
အစိုးရက ထောက်ပံ့ပေးထားသည့် ဓာတ်ဆီစျေးနှုန်းကို တစ်လီတာလျှင် ၀.၅၁ ဒေါ်လာမှ ၀.၆၇ ဒေါ်လာ၊ ဒီဇယ်စျေးနှုန်းကို တစ်လီတာလျှင် ၀.၃၅ ဒေါ်လာမှ ၀.၄၆ ဒေါ် လာအထိ တိုးမြှင့်ခဲ့သည်ဟု စွမ်းအင်ဝန်ကြီး အာရီဖင် တက်စ်ရစ်ဖ်က ပြောကြားခဲ့သည်။
“ကျွန်တော့်အနေနဲ့ ပြည်တွင်း လောင် စာစျေးနှုန်းတွေကို အစိုးရရဲ့ ထောက်ပံ့မှုတွေ နဲ့ ဝယ်ယူသုံးစွဲနိုင်တဲ့အခြေအနေကို ဆက် လက်ထိန်းသိမ်းထားချင်ပါတယ်။ ဒါပေမယ့် အစိုးရထောက်ပံ့မှုတွေအတွက် အသုံးစရိတ် တွေဟာ သုံးဆလောက်အထိမြင့်တက်လာပြီး ဆက်လက်မြင့်တက်လာပါလိမ့်မယ်” ဟု အင် ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
“အခုဆိုရင် အစိုးရအဖွဲ့ဟာ ခက်ခဲတဲ့ အခြေအနေမှာ ဆုံးဖြတ်ချက်တစ်ခုကို ချရပါ တော့မယ်။ ဒါဟာ အစိုးရရဲ့ နောက်ဆုံးရွေး ချယ်မှုဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှ၏ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားသည် ကမ္ဘာလုံး ဆိုင်ရာ လောင်စာစျေးနှုန်းများ မြင့်တက်မှု နှင့် နိုင်ငံသုံးငွေ ရူပီယာ တန်ဖိုး လျော့ကျမှု တို့ကြောင့် ယခင်ကတည်းက ၂၀၂၂ ခုနှစ် အတွက် စွမ်းအင်ထောက်ပံ့မှုကို ဒေါ်လာ ၃၄ ဘီလျံအထိ မြှင့်တင်ခဲ့ပြီး ယင်းသည် မူလ အသုံးစရိတ်ထက် သုံးဆခန့် များပြားခဲ့သည်။
အကယ်၍ လောင်စာစျေးနှုန်းများကို မြှင့်တင်ခြင်းမရှိပါက ထောက်ပံ့ကြေးအသုံး စရိတ်သည် ဒေါ်လာ ၄၆ ဘီလျံကျော်အထိ မြင့်တက်လာနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီး သီရိ မူလ်ယာနီ အင်ဒရာဝါတီက ပြောကြား ခဲ့သည်။
လောင်စာစျေးနှုန်းများကို မြှင့်တင်ပြီး နောက် ယခုနှစ်အတွက် အစိုးရ၏ လောင်စာ ထောက်ပံ့မှုအသုံးစရိတ်သည် ဒေါ်လာ ၃၉ ဘီလျံမှ ၄၃ ဘီလျံအကြား ရှိနိုင်သည်ဟု အင် ဒရာဝါတိီက ပြောကြားခဲ့သည်။
စွမ်းအင်ကဏ္ဍအပေါ် အစိုးရ ထောက် ပံ့မှုများသည် အင်ဒိုနီးရှား၏ ငွေကြေးဖောင်း ပွမှုနှုန်းကို လျော့နည်းစေခဲ့ပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှုနှုန်းများ မြင့်တက်နေချိန်တွင် သြဂုတ်လအတွင်း အင် ဒိုနီရှား၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၄.၆၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
အင်ဒိုနီးရှား အလုပ်ရှင်များအသင်း၏ အကြီးအကဲ ဟာရီယာဒီ ဆူကမ်ဒါနီကမူ လောင်စာစျေးမြှင့်တင်မှုမှ ဖြစ်ပေါ်လာသည့် အထွေထွေ စျေးနှုန်းဖိအားများသည် အလွန် များပြားလိမ့်မည်မဟုတ်ဘဲ ယခုနှစ်ကုန်ပိုင်း တွင် ငွေကြေးဖောင်းပွမှုနှုန်းသည် ၆ ရာခိုင် နှုန်းသာ ရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း ပြောကြားခဲ့သည်။
“ကုန်ပစ္စည်းတွေစျေးနှုန်းတွေက အ ရမ်းမြင့်တက်နေမယ်ဆိုရင် လူတွေက ဝယ် တော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ စျေးကို အရမ်းမြှင့်တင်လို့ မရနိုင်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားတွင် စီးပွားရေးလုပ်ငန်းများ သည် အစိုးရကထောက်ပံ့ပေးခြင်းမပြုသည့် လောင်စာများကို အသုံးပြုနေပြီး စျေးနှုန်း များမြှင့်တင်မှုသည် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကို ရိုက်ခတ်စေလိမ့်မည်ဟု ဟာရီယာဒီက ပြောကြားခဲ့သည်။














