၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များကို ကြီးကြပ်ရန် ပျက်ကွက်မှုဖြင့် ယခင်ပြည်ထောင်စုရွေးကောင်ပွဲကော်မရှင် (UEC)၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂၄၁၇ ဦးကို အ ရေးယူဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။
ဇူလိုင် ၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင်ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များကို စနစ်တကျကြီးကြပ်ကွပ်ကဲရန် ပျက်ကွက်ခဲ့တဲ့ ယခင်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်ပေါင်း ၂၄၁၇ ဦးကိုလည်း ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိရာမှာ ကျူးလွန်သူ ၂၁၇၃ ဦးကို အမှုတွဲ အရေအတွက် ၃၇၃ မှုနဲ့ တရားစွဲဆိုခဲ့ရာ ပြစ်ဒဏ်ချမှတ်ပြီး ၃၆၉ မှုနဲ့ ပြစ်ဒဏ်ချမှတ်ရန်ကျန်လေးမှုဖြစ်ကြောင်း တင်ပြအပ်ပါတယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အမှုပေါင်း ၁၀၇၇ မှု ဖြစ်ပွားခဲ့ပြီး ယင်းအမှုများအနက် ရွေးကောက်ပွဲဥပဒေနှင့် အရေးယူဆောင်ရွက်ခဲ့သည့် အမှု ၅၄၆ မှုရှိခဲ့ကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရရှိသည့်စာရင်းဇယားများအရ တရားစွဲတင်ပြီး ၃၄၅ မှု၊ ပိတ်သိမ်း ၂၀၀ မှုနှင့် ဥပဒေအကြံပြုချက် တောင်းခံဆဲ တစ်မှုဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက “၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနဲ့ တရားမဲ့ပြုကျင့်မှုဖြစ်စဉ်များမှာ ပါဝင်ပတ်သက် ကျူးလွန်ခဲ့ကြတဲ့ နိုင်ငံတော်သမ္မတဟောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်းနဲ့ အဖွဲ့ ဝင်များ၊ ဝန်ကြီးဟောင်း ဦးမင်းသူ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဟောင်း၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအပါအဝင် ကျူးလွန်သူ ၄၈၉ ဦးကို အမှုတွဲ ၃၆၄ ခုဖြင့် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး တရားစွဲဆို ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ မဲမသမာမှုများနှင့် တရားမဲ့ပြုကျင့်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်ကျူးလွန်သူ ၁၇၀ ဦးကို အမှုတွဲအရေအတွက် ၁၃၇ မှုဖြင့် တရားစွဲဆိုခဲ့ရာတွင် ပြစ်ဒဏ်ချမှတ်ပြီး ၅၈ မှုနှင့် ပြစ်ဒဏ်ချမှတ်ရန်ကျန် ၇၉ မှုရှိကြောင်း ဦးခင်မောင်ဦးက ပြောကြားသည်။















