လှိုင်သာယာ (အရှေ့)မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးကဏ္ဍ စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
အထက်ပါစစ်တမ်းကို လှိုင်သာယာ (အရှေ့) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးချမ်းကဦးစီးပြီး မေ ၂၁ ရက်မှ မေ ၂၄ ရက် အထိ ကွင်းဆင်းစစ်တမ်း ကောက်ယူခဲ့ပြီး ရပ်ကွက်တစ်ရပ်ကွက်လျှင် လူအယောက် (၁၀၀) အား စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
ယင်းစစ်တမ်းတွင် မေးခွန်း (၁၀) ခုပါဝင်ပြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် သန်းခေါင်စာရင်းရှိအလွှာအသီးသီးကို ကိုယ်စားပြုသော ပြည်သူများထံမှ ပရော်ဖက်ရှင်နယ်လူငယ်များက တစ်အိမ်တက်တစ်အိမ်ဆင်း ကောက်ယူခဲ့ပြီး နေရာအနှံ့ဖြစ်အောင်လည်း ကြိုးစားခဲ့ကြောင်း၊ စစ်တမ်းကောက်ယူမှု ကုန်ကျစရိတ်သိန်း (၂၀) ကျော်ကိုလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ရုံးတစ်ခုတည်းမှ ကျခံခဲ့ကြောင်း သိရသည်။
ပြည်သူများထံမှ စစ်တမ်းကောက်ခံခဲ့သည့် မေးခွန်း ၁၀ ခုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လုပ်ဆောင်မှုများ အပေါ် ခြုံငုံသုံးသပ်ချက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ရပ်ကွက်နေပြည်သူများအတွက် အများကောင်းကျိုး ဆောင်ရွက်မှုများအပေါ် အဆင့်သတ်မှတ်ချက်၊ အုပ်ချုပ်ရေးမှူး၏ ဖြောင့်မတ်ရိုးသားမှုနှင့် အဂတိကင်းစင်မှု အပေါ် အဆင့်သတ်မှတ်ချက်၊ အုပ်ချုပ်ရေးမှူးသည် လက်ရှိတွင် မှန်ကန်သော လမ်းကြောင်းပေါ်ဦးတည်နေခြင်း ရှိ မရှိ၊ အုပ်ချုပ်ရေးမှူးသည် ရပ်ကွက်အတွင်း စိန်ခေါ်မှုများကို ထိရောက်စွာဖြေရှင်းနိုင်ခြင်းရှိ မရှိ၊ အုပ်
ချူပ်ရေးမှူးသည် သင်၏ စိုးရိမ်ပူပန်မှုများကို ဂရုတစိုက် နားထောင်ပြီး ကြိုးစားဖြေရှင်းပေးခြင်းရှိ မရှိ၊အုပ်ချုပ်ရေးမှူး၏ ပွင်းလင်းမြင်သာခြင်းရှိ မရှိ၊ အုပ်ချုပ်ရေးမှူး၏ ပြည်သူများ အပေါ်အနိုင်ကျင့်မှုရှိ မရှိ၊ အုပ်ချုပ်ရေးမှူး၏ ဆောင်ရွက်ချက်များကို လွန်ခဲ့သည် (၆)လနှင့် နှိုင်းယှဉ်ပါက ပိုကောင်းလာခြင်းရှိ မရှိ၊ အုပ်ချုပ်ရေးမှူး နေရာတွင် အခြားသူတစ်ဦးအား ပြောင်းလဲတာဝန်ပေးရန် ဆန္ဒရှိ မရှိတို့ကို မေးမြန်းကောက်ခံခဲ့သည်။
စစ်တမ်း၏ ရည်ရွယ်ချက်များမှာ ပြည်သူများက ထင်မြင်ချက် အသံအမှန်ကိုသိလိုခြင်း၊ အုပ်ချုပ်ရေးမှူး အချင်းချင်းနှိုင်းယှဉ်နိုင်ခြင်း၊ အုပ်ချုပ်ရေးကဏ္ဍမှ လူကြီးများအား မိမိ၏စွမ်းဆောင်ရည်ကို သိရှိစေလိုခြင်း စသည်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်တမ်းကောက်ယူရာတွင် အတက်နိုင်ဆုံး အဖြေမှန်များရရှိရန် ကြိုးစားသော်ငြား၊ ပြည်သူများအပေါ် ကြိုတင်သတိပေးထားမှု၊ ခြိမ်းခြောက်မှု၊ လက်ရှိအုပ်ချုပ်ရေးအပေါ် ဘက်လိုက်မှု၊ ပြောင်းလဲရန်ကြောက်ရွံမှုများကြောင့် ၁၀၀% မှန်ကန်မှုအဆင့်အောက် လျှော့ချနိုင်သည်ကို အသိအမှတ်ပြုကြောင်း၊ ဤစစ်တမ်းသည် လှိုင်သာယာ (အရှေ့) မြို့နယ်တွင်သာမက တစ်နိုင်ငံလုံးတွင် ပထမဆုံး ရပ်ကွက်အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်၍ သီးသန့်ကောက်ယူ သော စစ်တမ်းဖြစ်ပြီး သုံးလတစ်ကြိမ် ဆက်လက်ကောက်ယူပါက အုပ်ချုပ်ရေး ဝန်ဆောင်မှု နှင့် စွမ်းဆောင်ရည် တိုင်းတာရာတွင် အထူးအထောက်အကူပြုမည်ဟု ပြည်သူ့လွှတ်တော်ရုံးက အပြည့်အဝယုံကြည်ထားသည်ဟု ဆိုသည်။















