ရေးမြို့နယ် အစင်ကျေးရွာအဝင် တံတားအနီးရှိ လုံခြုံရေးကင်း ပစ်ခတ်ခံရပြီး ပြည်သူ့စစ်ငါးဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာများရရှိ

ရေးမြို့နယ် အစင်ကျေးရွာအဝင် တံတားအနီးရှိ လုံခြုံရေးကင်း ပစ်ခတ်ခံရပြီး ပြည်သူ့စစ်ငါးဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာများရရှိ
Published 28 June 2022

ရေးမြို့နယ် အစင်ကျေးရွာအဝင်တံတားအနီးရှိ လုံခြုံရေးကင်းတွင် ဇွန်လ (၂၇) ရက် ညနေပိုင်းက ပစ်ခတ်ခံရပြီး ပြည်သူ့စစ် (၅) ဦးသေဆုံးကာ (၁) ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ ဒေသခံများ၏ပြောကြားချက်များအရ သိရသည်။

မနေ့ (ဇွန်လ (၂၇) ရက်) ညနေပိုင်းက အစင်ကျေးရွာအဝင်မှာရှိတဲ့ လုံခြုံရေးကင်းမှာ ပစ်ခတ်မှုတွေဖြစ်ခဲ့တယ်။ အဲ့ဒီမှာရှိနေတဲ့ ပြည်သူ့စစ် (၄) ဦးကတော့ အဲ့ဒီနေရာမှာပဲ သေနတ်ပစ်ခံရပြီး သေဆုံးသွားတယ်။ တစ်ဦးကတော့ ဆေးရုံကိုပို့တဲ့အချိန်မှာ သေဆုံးသွားတယ်လို့ သိရတယ်။ နောက်တစ်ဦးကတော့ သေနတ်ဒဏ်ရာတွေရသွားတယ်လို့ သိရတယ် ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

အဆိုပါ လုံခြုံရေးကင်းအား ဆိုင်ကယ် (၃) စီးဖြင့် သေနတ်သမားများမှ လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း နှင့် ပြည်သူ့စစ်များထံမှ သေနတ် (၃) လက်ကိုလည်း ယင်းသေနတ်သမားများက ယူဆောင်သွားသည်ဟု ကြားသိရကြောင်း ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။

အဆိုပါပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့သည့်အပြင် မြို့ဝင်၊ မြို့ထွက် လုံခြုံရေးဂိတ်များတွင်လည်း စစ်ဆေးရေးများ တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း ရေးမြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် ဇွန်လ (၂၈) ရက် နံနက် (၉) နာရီခွဲအချိန်ခန့်က ရေးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ် ပြန်/ဆက် ရုံးအနီးတွင် အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နှင့် ထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

Most Read

Most Recent