SKD ကားများနှင့် ဂျပန်တပတ်ရစ်ကားများ စျေးနှုန်းမြင့်တက်လာပြီး SKD ထုတ်လုပ်မှုအချို့လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရဟုဆို

SKD ကားများနှင့် ဂျပန်တပတ်ရစ်ကားများ စျေးနှုန်းမြင့်တက်လာပြီး SKD ထုတ်လုပ်မှုအချို့လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရဟုဆို
Published 28 June 2022

ရန်ကုန်မြို့တွင်း သွားလာနေသည့် မော်တော်ယာဉ်များကို ဇွန်လဆန်း ညပိုင်းအချိန်က တွေ့ရစဉ် (ဓာတ်ပုံ- သီဟအောင်)

SKD ကားများနှင့် ဂျပန်တပတ်ရစ်ကား များစျေးနှုန်းမြင့်တက်လာပြီး SKD ထုတ်လုပ်မှုအချို့လည်း အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း မော်တော်ယာဉ်တင်သွင်းရောင်းချသူများထံမှ သိရသည်။

“ဒီရက်ထဲကားစျေးက အမျိုးအစား ရွေးပြီးစျေးတက်တယ်။ ကားအားလုံးထိုးထောင် တက်တာမျိုးမဟုတ်ဘူး။အထူးသဖြင့် SKD ကားတွေထဲက Accent, Ertiga , Ciaz တို့ အတတ်ဆုံးဖြစ်တယ် ။ SKD ထုတ်လုပ်မှုဆို တာကလည်း Brand တိုင်းအားလုံးထုတ်လုပ်မှုအတွက် အခက်အခဲတွေဖြစ်နေပြီးရပ်ထား ရတာရယ်။ ရပ်လုဆဲဆဲဖြစ်နေတာမျိုးတွေရယ် ဖြစ်နေကြတယ်။အချို့က နိုင်ငံခြားငွေမရရှိ လို့နဲ့ အချို့က တင်သွင်းခွင့်မရရှိလို့ပါ။ နိုင်ငံခြားငွေရရှိဖို့ကလည်း ကားတပ်ဆင်ထုတ်တဲ့ ကဏ္ဍကမရှိမဖြစ် essential ကဏ္ဍမျိုးမဟုတ် တာကြောင့်ရရှိဖို့ တော်တော်မလွယ်တဲ့ကိစ္စ ဖြစ်တယ်လို့ကြားသိရတယ်။ အဲဒီလိုအခြေ အနေတွေမှာ သိန်း ၄၀၀/ ၅၀၀ ဝန်းကျင်နဲ့ Brand New ကားအသစ်တွေရှားပါးလာနိုင်တာကြောင့် (လူကြိုက်အများဆုံးနဲ့အသုံးပြုသူအများဆုံးဖြစ်ကြတဲ့)  SKD ကားတွေဝယ် လိုအား နေ့စဉ်မြင့်တက်လာတာဖြစ်ပါတယ်” ဟု Suzuki KL Seven မှ ကိုကြည်သာဟန်က လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိတွင် ဆူဇူကီး အာတီဂါအမျိုးအစား မော်တော်ယာဉ်မှာကျပ်သိန်း ၄၇၀ ခန့် အထိစျေးနှုန်းမြင့် တက်လာကြောင်း သိရသည်။

ပြည်တွင်းထုတ်လုပ်တပ်ဆင်သည့် SKD အမျိုးအစားမော်တော်ယာဉ်များမှာလည်း စက်ပစ္စည်းတင်သွင်းမှု အခက်အခဲများ ရှိသဖြင့် အော်ဒါမှာယူထားသူများကို ရက်ချိန်း အတိုင်းမပေးနိုင်သည့် အခြေအနေများလည်း ဖြစ်နေကြောင်း မော်တော်ယာဉ်ဝယ်ယူခဲ့သူ အချို့ထံမှ သိရသည်။

အလားတူမော်တော်ယာဉ်အဟောင်းစျေးကွက်တွင်လည်း ဂျပန်တပတ်ရစ်မော် တော်ယာဉ်စျေးနှုန်းများ မြင့်တက်လာကြောင်း မော်တော်ယာဉ်ဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

“စျေးကတက်လာတာမှန်တယ်။ ကျွန်တော်ပြီးခဲ့တဲ့လက Fielder တက္ကစီ GG ၂၀၀၅ ကို ၂၄၅ နဲ့ ဝယ်လိုက်တာ။ အခု ၂၇၀ လာပေးတယ်”ဟု မော်တော်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

ထို့ပြင် ဟွန်ဒါဖစ်အမျိုးအစား မော်တော်ယာဉ်များမှာလည်း မော်ဒယ်ပေါ်မူတည်ပြီး ကျပ်သိန်း ၂၅၀ အနည်းဆုံးဖြစ်နေကြောင်း မော်တော်ယာဉ်ရောင်းဝယ်သူများထံမှ သိရ သည်။

တပတ်ရစ်ဂျပန်ကားအမျိုးအစားများအနက် ကျပ်သိန်းထောင်ကျော်တန်ကားများ မှာ စျေးနှုန်းတည်ငြိမ်နေပြီး စျေးမြင့်တက်လာသည့်အမျိုးအစားများမှာ ယခင်ကကျပ်သိန်း ၁၈၀ ခန့်သာရှိသည့် မော်တော်ယာဉ်များမှာ ကျပ်သိန်း ၂၅၀ ခန့်အထိလည်းကောင်း၊ ကျပ် သိန်း ၅၀၀ ခန့်ရှိသည့်မော်တော်ယာဉ်များ မှာကျပ်သိန်း ၆၀၀ ခန့်အထိလည်းကောင်း စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။

မော်တော်ယာဉ်တစ်ဦးချင်းပါမစ်အပါ အဝင် ဇိမ်ခံပစ္စည်းများဝယ်ယူတင်သွင်းခွင့်ကို ယာယီပိတ်ထားကြောင်း နေပြည်တော်တွင်  ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏သတင်းစာရှင်းလင်းပွဲတွင်စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

“လတ်တလောမှာတော့ တစ်ဦးချင်းပါ မစ်လိုဟာမျိုးတွေ ဇိမ်ခံပစ္စည်းတွေကိုတော့တင်သွင်းခွင့် ကန့်သတ်ထားပါတယ်”ဟု အဆိုပါ တာဝန်ရှိသူကပြောကြားသည်။

နိုင်ငံခြားငွေများမလိုအပ်ဘဲ ပြည်ပသို့ စီးထွက်မှုများအပေါ် စနစ်တကျတားဆီးနေ သည်ဟု နစကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ် ဇော်မင်းထွန်းက ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Most Read

Most Recent