မန္တလေး၊ ပဲခူးနှင့် မွန်ပြည်နယ်တို့တွင် ကျပ်သိန်း ၃၇၀ ကျော်တန်ဖိုးရှိ တရားမဝင်သစ်မျိုးစုံ၊ စားသုံးဆီနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း မေ ၂၉ ရက်တွင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အရ မေ ၂၇ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း ၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်၌ ခရီးသည်ဝန်စည်များ နှင့်အတူ ရောနှောတင်ဆောင်လာသော တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် ကျပ် ၃,၀၁၄,၀၀၀ ခန့်တန်ဖိုးရှိ အကောက်ခွန်မဲ့ စားသုံးဆီ သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မန္တလေး (၁၆) မိုင် ကျောက်ချော စစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကျပ် ၁၈၁၄၈၀၀ ခန့် တန်ဖိုးရှိ တရားမဝင်ကျွန်းသစ်ခွဲသား၊ ကျွန်းသစ်ခွဲသား (ပါကေး)နှင့် ပိတောက်သစ်ခွဲသား ၁ ဒသမ ၈၁၄၈ တန် နှင့် အဆိုပါသစ်များ တင်ဆောင်လာသော မော်တော်ယာဉ်သုံးစီး (ခန့်မှန်းကျပ် ၃၂၀၀၀၀၀၀)၊ စုစုပေါင်းကျပ် ၃၃၈၁၄၈၀၀ ခန့် သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မေ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်ရှိ ကျောက်မဆင်ကြိုးဝိုင်းနှင့် စိုင်းရကြိုးဝိုင်းများအတွင်း ကျပ် ၉၄၇၁၈၆ ခန့် တန်ဖိုးရှိ တရားမဝင်ကျွန်းသစ်ခွဲသား၊ ပျဉ်းကတိုးသစ်ခွဲသား၊ တောင်သရက်သစ်ခွဲသား၊ သစ်ပုဂံသစ်လုံးနှင့် ချဉ်ယုတ်သစ်ခွဲသား ၅ ဒသမ ၅၀၂ တန် သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယင်းအတွက်ကြောင့် မေ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာ အမှုတွဲ ၁၀ မှုဖြစ်ပြီး ကျပ် ၃၇၇၇၅၉၈၆ ခန့်ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။















