![Photo: Goal](https://news-eleven.com/sites/news-eleven.com/files/styles/news_detail_image/public/news-images/becali.jpg?itok=KguVRYZj)
ရိုးမေးနီးယားနာမည်ကြီးကလပ် စတူအာဘူခါရက်အသင်းပိုင်ရှင် ဂီဂီဘီကာလီက COVID-19 ကာကွယ်ဆေးထိုးထားသည့် ကစားသမားများကို အသင်းတွင် ကစားခွင့်ပေးမည်မဟုတ်ကြောင်း အံ့အားသင့်ဖွယ် ကြေညာခဲ့သည်။
ရိုမေးနီးယားနိုင်ငံရေးသမားနှင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဘီကာလီသည် ၂၀၁၃ ခုနှစ်တွင် စတူအာဘူခါရက်အသင်း၏ ရှယ်ယာများကို ဝယ်ယူပြီးနောက် အသင်းပိုင်ရှင်ဖြစ်လာသူ ဖြစ်သည်။
၎င်းက COVID-19 ကာကွယ်ဆေးထိုးထားသည့် CFR ကလုချ်နှင့် ရက်ပစ်ဘူခါရက်အသင်းတို့ ရုန်းကန်နေရခြင်းကို အကြောင်းပြကာ COVID-19 ကာကွယ်ဆေးထိုးခြင်းသည် လူတစ်ဦး၏ ကိုယ်ခံအားကို ကျဆင်းစေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ဘီကာလီက ''ခင်ဗျားတို့ ရယ်ချင်ရင်လည်း ရယ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် မှန်နိုင်ပါတယ်။ ဒီ(COVID-19 ကာကွယ်ဆေး)တွေက လူတွေရဲ့ ကိုယ်ခံအားကို ကျဆင်းစေပါတယ်။ CFR ကလုချ်တို့၊ ရက်ပစ်ဘူခါရက်အသင်းတွေရဲ့ ကစားသမားတွေကို ခင်ဗျားမြင်တယ်မဟုတ်လား။ သူတို့ကိုကြည့်လိုက်ရင် မေ့လဲတော့မလိုလို ပုံစံမျိုးဖြစ်နေတယ်။ ဒီဆေးတွေက လူတွေရဲ့ကိုယ်ခံအားကို ကျဆင်းစေပါတယ်''ဟု ပြောကြားခဲ့သည်။
ဘီကာလီ၏ ပြောဆိုမှုကို ရိုမေးနီးယားအစိုးရက ဒေါသထွက်နေပြီး COVID-19 ကာကွယ်ဆေးထိုးသည့် ကစားသမားများအနေဖြင့် ကိုယ်ခံအားကျဆင်းမှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။
ရိုမေးနီးယားတွင် လူ(၁၀၀)လျှင် (၈၆.၅၂)ဦးမှာ ကာကွယ်ဆေးထိုးပြီးဖြစ်ကြောင်း သိရှိရသည်။