ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ COVID-19 ရောဂါဖြစ်ပွားမှုများ ပြန်လည်မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
ရောဂါဖြစ်ပွားမှုများမြင့်တက်လာခြင်းကို အချိန်နှင့်တစ်ပြေးညီ ကာကွယ်ထိန်းချုပ်ရန် လိုအပ်၍ ကုသရေးလုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စသည်ဖြင့် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် COVID-19 ဗီဇပြောင်းအိုမီခရွန်နှင့်ပတ်သက်လည်း ရောဂါဖြစ်ပွားမှုများကို မျက်ခြေမပြတ်စောင့်ကြပ်ကြည့်ရှု့လျက်ရှိပြီး ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်နေပြီး ရက်ပေါင်း ၁၅ ရက်အထိ သေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
COVID-19 မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးနှင့်ပတ်သက်၍ ပြည်တွင်းကူးစက်မှုများရှိလာသဖြင့် COVID-19 စည်းကမ်းများကို အထူးလိုက်နာရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင်တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ယူအေအီးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား လေးဦးတွင် စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
COVID-19 ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထား သူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် ထိုးနှံမှုခံယူရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။















