မြောက်ကိုရီးယားသည် လွန်ခဲ့သောလတွင် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယားဆိုင်ရာ အမေရိကန်အထူးသံတမန်သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဂျပန်နှင့် တောင်ကိုရီးယားတာဝန်ရှိသူများနှင့် တွေ့ဆုံသွားမည်ဟု ဖေဖော်ဝါ ရီ ၆ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အမေရိကန်သံတမန် ဆောင်ကင်သည် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၅ ရက်အထိ ဟိုနိုလူလူကို သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းသည် သုံးနိုင်ငံအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကာ ကိုရီးယားကျွန်းဆွယ်၏ နျူကလီးယားအပြည့်အဝဖျက်သိမ်းရေးအပါအဝင် ကိစ္စရပ်အများအပြားကိုဆွေးနွေးမည်ဟု ဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မြောက်ကိုရီးယားနိုင်ငံကိုနျူကလီးယားစမ်းသပ်မှုများနှင့် ပဲ့ထိန်း ဒုံးကျည်စမ်းသပ်မှုများ လုပ်ဆောင်ခြင်းမှ ပိတ်ပင်ထားသည်ဆိုသော်လည်း မြောက်ကိုရီးယားသည် ဇန်နဝါရီလထဲတွင် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများကို ကိုးကြိမ်လုပ်ဆောင်ခဲ့ရာ မြောက်ကိုရီးယားနိုင်ငံ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ၏သမိုင်းတွင် တစ်လအတွင်း ဒုံးကျည်ပစ်လွှတ်မှု အများဆုံးဖြစ်ခဲ့သည်။
မြောက်ကိုရီးယားသည် ဒစ်ဂျစ်တယ် ငွေစျေးကွက်တွင် ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အပြင် လွန်ခဲ့သောနှစ်တွင် နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရကြောင်း ရိုက်တာသတင်းဌာနက တွေ့ခဲ့သည့် လျှို့ဝှက်အစီရင်ခံစာတစ်ခု၌ ကုလသမဂ္ဂက ဖော်ပြထားသည်။
သီးခြားလွတ်လပ်သော အရေးယူမှုများ စောင့်ကြည့်ရေးအဖွဲ့၏ နှစ်အလိုက်အစီရင်ခံစာကို ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြောက်ကိုရီးယား အရေးယူမှုများ ကော်မတီထံတင်ပြခဲ့ခြင်းဖြစ်သည်။
“နျူကလီးယားစမ်းသပ်မှုများ သို့မဟုတ် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ခဲ့ခြင်းမရှိသော်လည်း မြောက်ကိုရီးယားသည် နျူကလီးယားစွမ်းအင်ထုတ်လုပ်မှုများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်” ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး ယင်းအကောင်အထည်ဖော်ရာတွင် လိုအပ်သောပစ္စည်းများနှင့် နည်းပညာများရရှိရေးတို့အတွက် ဆိုက်ဘာနည်းလမ်းများမှတစ်ဆင့်လည်းကောင်း၊ ပူးတွဲသုတေသနများမှ လည်းကောင်းရရှိနေသည်ဟု အစီရင်ခံစာတွင်ဆက်လက်ဖော်ပြထားသည်။ မြောက်ကိုရီးယားသည် ဒစ်ဂျစ်တယ်ငွေစျေးကွက်တွင် ဆိုက်ဘာတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။
သုံးပွင့်ဆိုင်အစည်းအဝေးသို့ ဂျပန်၏ အာရှနှင့် သမုဒ္ဒရာရေးရာ အထွေထွေညွှန်ကြားရေးမှူး ဖူနာကိုရှီတာကဲ့ဟီရို၊ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရေးရာဆိုင်ရာ တောင်ကိုရီးယားအထူးကိုယ်စားလှယ် နော့ကျူဒတ်တို့ အသီးသီးတက်ရောက်ကြမည်ဟု သိရသည်။
ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပမည့် သုံးနိုင်ငံအစည်းအဝေး၌ အမေရိကန်က ကိုရီးယားကျွန်းဆွယ်တွင် ထာဝရငြိမ်းချမ်းရေးနှင့် ဒေသဆိုင်ရာလုံခြုံရေးတို့အတွက် ဆောင်ရွက်မည့်အကြောင်း ထပ်လောင်းပြောကြားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြ ထားသည်။














