ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံ (ရန်ကုန်)တွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် Lockdown ချထား

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံ (ရန်ကုန်)တွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် Lockdown ချထား
Lockdown ချထားသည့် ဇီဝိတဒါနသံဃာ့ဆေးရုံ (ရန်ကုန်) အား တွေ့ရစဉ်။
Lockdown ချထားသည့် ဇီဝိတဒါနသံဃာ့ဆေးရုံ (ရန်ကုန်) အား တွေ့ရစဉ်။
Published 7 February 2022

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံ(ရန်ကုန်)တွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် Lockdown ချထားကြောင်း သိရသည်။

ရဟန်းသံဃာတော်များကို အခမဲ့ကုသပေးနေသည့် အဆိုပါဇီဝိတဒါနသံဃာ့ဆေးရုံတွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံအား အဝင်အထွက်မလုပ်စေဘဲ Lockdown ချထားကြောင်း အဆိုပါဆေးရုံတွင် တက်ရောက်ကုသရန် စုံစမ်းခဲ့သူတစ်ဦးက ပြောကြားသည်။

“ဒီနေ့သွားစုံစမ်းတော့ လုံခြုံရေးက ဝင်ခွင့်မပေးဘူး။ ဆေးရုံကို Lockdown ချထားလို့ပါတဲ့။ ဘယ်အချိန်ပြန်ဖွင့်မလဲဆိုတာတော့ မသိသေးဘူးလို့ ပြောလိုက်တယ်” ဟု အဆိုပါသံဃာ့ဆေးရုံတွင် တက်ရောက်ကုသရန် သွားရောက်စုံစမ်းခဲ့သူတစ်ဦးက ပြောကြားသည်။

ဆေးရုံအား Lockdown ချထားမှုနှင့်ပတ်သက်ပြီး ဖြစ်စဉ်များကိုသိရှိရန် ဆေးရုံအား ဆက်သွယ်မေးမြန်းခဲ့ရာ “ဖြေပေးနိုင်တဲ့ လူကြီးတွေ မရှိသေးလို့ နောက်မှပြန်ဆက်သွယ်ပေးပါ” ဟု ဖုန်းလက်ခံဖြေကြားခဲ့သူတစ်ဦးက ပြောကြားသည်။

အဆိုပါဆေးရုံအား သွားရောက်စုံစမ်းခဲ့ရာတွင် ဆေးရုံအဝင်ဝတွင် Lockdown ပြုလုပ်ထားကြောင်း သတိပေးစာကပ်ထားသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာပြီး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။

ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီတုန့်ပြန်ဆောင်ရွက်နိုင်ရေး၊ ရောဂါသံသယလူနာများအနေဖြင့်လည်းကောင်း၊ အတည်ပြုလူနာများနှင့်အနီးကပ် ထိတွေ့ခဲ့သူများနေဖြင့်လည်းကောင်း၊ ရောဂါပိုးရှိ၊မရှိ အမြန်စစ်ဆေးနိုင်ရေးနှင့် ပိုးတွေ့ရှိပါကလည်း အမြန်ဆုံးကုသစောင့်ရှောက်မှုများပေးနိုင်ရေး ကြိုတင်စီစဉ် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်များကို အခြေပြု၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များနှင့် လူနာခုတင်စီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းထားရှိ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါပိုးကူးစက်မှု အစုလိုက် တွေ့ရှိခဲ့သည့်နေရာမှာ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် လုပ်သား နှစ်ထောင်ကျော်ကိုစစ်ဆေးရာ လုပ်သား ၇၀၀ ကျော်တွင် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ် သည်။

 

Most Read

Most Recent