ရန်ကုန်တိုင်းအတွင်း COVID-19 ဖြစ်ပွားမှု ပြန်လည်မြင့်တက်လာသဖြင့် ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဖေဖော်ဝါရီ ၆ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါဖြစ်ပွားမှုများအား အချိန်နှင့် တစ်ပြေးညီထိရောက်စွာ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း၊ ရောဂါဖြစ်ပွားမှုများ မြင့်တက်လာခြင်းကို အချိန်နှင့်တစ်ပြေးညီ ကာကွယ်ထိန်းချုပ်ရန် လိုအပ်၍ ကုသရေးလုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ စသည်ဖြင့် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ရောဂါကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေး၊ ရောဂါသံသယလူနာများအနေဖြင့်လည်းကောင်း၊ အတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများနေဖြင့်လည်းကောင်း၊ ရောဂါပိုးရှိ၊မရှိ အမြန်စစ်ဆေးနိုင်ရေးနှင့်ပိုးတွေ့ရှိပါကလည်း အမြန်ဆုံးကုသစောင့်ရှောက်မှုများပေးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်များကို အခြေပြု၍ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များနှင့် လူနာခုတင်စီမံခန့်ခွဲမှုကော်မတီများ ဖွဲ့စည်းထားရှိ ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းက တင်ပြဆွေးနွေးရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ရုံးချုပ်) အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကို အားဖြည့်ဆောင်ရွက်ခြင်းအနေဖြင့် ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) နှင့် ညွှန်ကြားရေးမှူး (ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) တို့ပါဝင်သောအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်ဟု တင်ပြခဲ့ကြောင်း သိရသည်။















