ရန်ကင်းမြို့နယ် မိုးကောင်းလမ်းနှင့် ရတနာလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းတွင် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၃ ရက် နံနက် ၆ နာရီဝန်း ကျင်တွင် ရန်ကင်းမြို့နယ် မိုးကောင်းလမ်းနှင့် ရတနာလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်း၌ ပေါက်ကွဲတစ်ကြိမ် စတင်ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီး နေထိုင်သူများထံမှ သိရ သည်။
“မနက် ၆ နာရီဝန်းကျင်လောက်မှာ ရတနာလမ်းထောင့်က ယာဉ်ထိန်းရဲကင်းမှာ ပထမအကြိမ်ပေါက်တယ်။ အဲဒီယာဉ်ထိန်း ရဲကင်းမှာ ဘယ်သူမှတော့မရှိပါဘူး” ဟု အဆိုပါနေရာအနီး နေသူတစ်ဦးက ပြောကြား သည်။
ယင်းသို့ ပထမအကြိမ်ပေါက်ကွဲမှုဖြစ် ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် အဆိုပါနေရာ ၌ပင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာအနီး နေများထံမှ သိရသည်။
“ဒုတိယအခေါက်ပေါက်တာက အတော် ပြင်းတယ်။မြေကြီးတွေပါတုန်တယ်။ လူထိ ခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး” ဟု အဆိုပါ နေရာအနီး နေသူတစ်ဦးက ပြောကြားသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါနေရာအနီးတစ်ဝိုက် တွင် လမ်းပိတ်ပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ ကြောင်း သိရသည်။
အလားတူ အလုံမြို့နယ်ရှိ MYTEL ဆိုင်ခန်းတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းကာ ဒေါပုံမြို့နယ် MYTEL တာဝါတိုင်ရှိသည့် အဆောက်အအုံရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အလုံမြို့နယ် ကွင်းကျောင်းလမ်း မြေညီထပ်ရှိ MYTEL ဆိုင်ခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၂ ရက် နံနက် ၅ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွား ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ MYTEL ဆိုင်ခန်းသည် ကွင်း ကျောင်းလမ်းအလယ်ခန့်တွင် တည်ရှိပြီး ဆိုင် ရှေ့လမ်းထိပ်နှစ်ဖက်ကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ယာယီလမ်းပိတ်၍ ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီကျော်သည်အထိ မီးလောင်နေ ရာကို စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါပုံမြို့နယ် ယမုံနာရပ်ကွက် အောင်မေတ္တာလမ်း (လယ်) ရှိ MYTEL တာဝါ တိုင်ရှိသည့် အထပ်မြင့်အဆောက်အအုံနှင့် မျက်နှာချင်းဆိုင် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နေရာချထားသည့်နေရာတွင် ဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အလားတူ လမ်းမတော်မြို့နယ်၊ ကမ်း နားလမ်းနှင့် ၉ လမ်းထောင့် လူကူးခုံးကျော် တံတားနံဘေးရှိ မြို့နယ်လျှပ်စစ်ရုံးတွင် ဇန် နဝါရီ ၂၆ ရက် နံနက် ၁၁ နာရီခန့်က ပေါက်ကွဲ မှုဖြစ်ပွားခဲ့သည်။
TRN ၏ ဖော်ပြမှုအရ မြို့နယ်လျှပ်စစ်ရုံး တတိယထပ်ရှိ စီမံဘဏ္ဍာရုံးခန်းရှေ့တွင် မသင်္ကာဖွယ်အထုပ်တစ်ထုပ် ချထားကြောင်း တွေ့ရသဖြင့် လုံခြုံရေးတပ်ဖွဲ့သို့ အကြောင်း ကြားနေစဉ် အထုပ်မှ ပေါက်ကွဲခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ထို့ပြင် သီရိမင်္ဂလာစျေးဝင်းအတွင်းရှိ စျေးစည်ပင်ရုံးရှေ့ဝန်းကျင်တွင် ဇန်နဝါရီ ၂၃ ရက် ည ၇ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းရုံး ရှေ့ရှိ စည်ပင်ဝန်ထမ်းနှစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။
ထို့အတူ လှိုင်သာယာမြို့နယ်နှင့် တာမွေမြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။















