■ ကြွက်သားဒဏ်ရာကြောင့် ဆွန်ဟောင်မင် ဇန်နဝါရီလကုန်ပိုင်းအထိ အနားယူရဖွယ်ရှိ

■ ကြွက်သားဒဏ်ရာကြောင့် ဆွန်ဟောင်မင် ဇန်နဝါရီလကုန်ပိုင်းအထိ အနားယူရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 8 January 2022

စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် ကြွက်သားဒဏ်ရာကြောင့် ဇန်နဝါရီလကုန်ပိုင်းအထိ အနားယူရဖွယ်ရှိနေကြောင်း အသင်းနည်းပြ ကွန်တီက ပြောကြားခဲ့သည်။ 

ဆွန်ဟောင်မင်သည် ပြီးခဲ့သည့် ဇန်နဝါရီ (၅)ရက်က ချယ်လ်ဆီးအသင်းအား (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် Carabao ဖလား ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်တွင် ပါဝင်ခဲ့သည်။ 

ယင်းပွဲစဉ်တွင် ဆွန်ဟောင်မင်အနေဖြင့် ဒဏ်ရာရခဲ့ခြင်းမရှိသော်လည်း ကြာသပတေးနေ့တွင် ကြွက်သားနာကျင်မှုကြောင့် Scan စစ်ဆေးခဲ့ရာ ကြွက်သားဒဏ်ရာရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

စပါးနည်းပြ ကွန်တီက "ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာက ထူးဆန်းပါတယ်။ ချယ်လ်ဆီးနဲ့ ကစားတဲ့ ပွဲတုန်းက သူ ဒဏ်ရာရခဲ့ခြင်းမရှိပေမဲ့ နောက်တစ်နေ့မှာ ကြွက်သားနာတယ်လို့ ပြောတာကြောင့် စစ်ဆေးခဲ့ရာမှာတော့ ဒဏ်ရာပြဿနာရှိနေတာပါ။ သူ့အနေနဲ့ ဘယ်လောက် အနားယူရမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ ဇန်နဝါရီလကုန်ပိုင်းလောက်ထိ ဆွန်ဟောင်မင်အနေနဲ့ လေ့ကျင့်ခန်း ဆင်းနိုင်ဖွယ် မရှိပါဘူး"ဟု ပြောကြားခဲ့သည်။ 

ဆွန်ဟောင်မင်သည် ကြွက်သားဒဏ်ရာကြောင့် ယခုလကုန်အထိ အနားယူရမည်ဆိုပါက စပါးအသင်း၏ အရေးကြီးပွဲစဉ် (၅)ပွဲခန့် လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ 

အသက် (၂၉)နှစ်အရွယ်ရှိ တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်သည် စပါးအသင်းအတွက် ယခုရာသီ ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၉)ဂိုး သွင်းယူထားသည်။ 

Most Read

Most Recent