လာမည့် နှစ်သစ်ကူးကာလတွင် ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်အချို့ ကွင်းပိတ်ကစားရသည့်အခြေအနေ ရှိလာနိုင်ပြီး ယင်းအတွက် ကလပ်အသင်းများက စိုးရိမ်နေကြောင်း သိရသည်။
ပရီးမီးယားလိဂ်မှာ လက်ရှိအချိန်တွင် ပွဲစဉ်(၃)ပွဲကို ဆက်တိုက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဗြိတိန်အစိုးရတာဝန်ရှိ သူများက ပြိုင်ပွဲဆက်လက်ယှဉ်ပြိုင်ရန် ခွင့်ပြုပေးထားသော်လည်း ကွင်းပိတ်ကစားစေရန် ညွှန်ကြားမှုများ ပြုလုပ်လာဖွယ် ရှိနေခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေခြင်းကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ခေတ္တရပ်နားရန် တောင်းဆိုမှုများ ရှိခဲ့သော်လည်း ဆက်လက်ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်ခဲ့သည့်အတွက် ဝေဖန်ပြစ်တင်မှုများ လည်း ရှိနေသည်။
ယင်းအခြေအနေတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ခရစ္စမတ်ကာလအတွင်း အချက်အလက်များကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးအတွက် လိုအပ်သည်များကို လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် လာမည့်ပရီးမီးယားလိဂ်ပွဲစဉ်(၁၉)ကို ပုံမှန်အတိုင်း ယှဉ်ပြိုင်နိုင်ဖွယ်ရှိသော်လည်း ပွဲစဉ်(၂၀)နှင့် (၂၁)တွင်မူ ပရိသတ်မပါဘဲ ကွင်းပိတ်ကစားစေရန် ညွှန်ကြားမှုများ ရှိလာနိုင်သည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်နေခြင်းဖြစ်သည်။
ထို့ပြင် ဖြစ်နိုင်ခြေအများဆုံးမှာ ဒီဇင်ဘာ(၂၈၊ ၂၉၊ ၃၀)တွင် ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်(၂၀)ဖြစ်ကြောင်းလည်း သုံးသပ်နေကြသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲကို ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း ပုံမှန်အတိုင်း ဆက်လက်ယှဉ်ပြိုင်သွားရန် ဆုံး ဖြတ်ခဲ့သော်လည်း လာမည့်ပွဲစဉ်(၁၉)မှ ပွဲစဉ်(၂)ပွဲကိုမူ ရွှေ့ဆိုင်းခဲ့ရပြီဖြစ်သည်။
တနင်္ဂနွေနေ့အစောပိုင်းတွင် ယှဉ်ပြိုင်ကစားရမည့် လီဗာပူးလ်-လိဒ်စ်နှင့် ဝုလ်ဗ်-ဝက်ဖို့ဒ်ပွဲများကို ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ကစားသမားများ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများပြားနေသည့် လိဒ်စ်နှင့် ဝက်ဖို့ဒ်အသင်းတို့၏ တောင်းဆိုမှုကို ပရီးမီးယားလိဂ်ဘုတ်အဖွဲ့က လက်ခံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















