ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်က တန်းဆင်းရဖို့ အဖြေထွက်ခဲ့ပြီးနောက် နည်းပြ စကော့ပါကားနဲ့ မနေ့က လမ်းခွဲခဲ့ကြောင်း သိရပါတယ်။
ဘန်လေအသင်းဟာ ပြီးခဲ့တဲ့တစ်ပတ်က ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းရဖို့ သေချာသွားခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင်ဟောင်း စကော့ပါကားဟာ ၂၀၂၄ နွေရာသီမှာ ဘန်လေအသင်းကို (၃)နှစ်စာချုပ်နဲ့ ကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာ တည်မြဲအောင်တော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒါကြောင့် ရာသီမကုန်ခင်မှာပဲ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဘန်လေအသင်းက လက်ထောက်နည်းပြ မိုက်ဂျက်ဆန်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားကြောင်း သိရပါတယ်။
ဘန်လေအသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လီဗာပူးလ်ကစားသမားဟောင်း ဂျရတ်ကိုလည်း လျာထားစာရင်းထဲ ထည့်သွင်းထားပေမဲ့ အလိုလားဆုံးကတော့ ဝေးလ်စ်လက်ရွေးစင်နည်းပြ ဘယ်လာမီဖြစ်ကြောင်း သိရပါတယ်။
ဘယ်လာမီက ဘန်လေအသင်းကို ကွန်ပနီ ကိုင်တွယ်ချိန်မှာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ကွန်ပနီ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့သွားချိန်မှာ ဘန်လေအသင်းက နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမဲ့ ဝေးလ်စ်လက်ရွေးစင်အသင်းကို ရွေးချယ်သွားခဲ့သူပါ။
ဘယ်လာမီက ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်နဲ့ ပေါင်(၇)သိန်းတန် လျော်ကြေးစာချုပ် ချုပ်ဆိုထားပေမဲ့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူရို-၂၀၂၈ ပြိုင်ပွဲကို ဝေးလ်စ်အသင်းနဲ့အတူ ဆင်နွှဲဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။















