လိင်အကြမ်းဖက်ခံရသည့် သတင်းများမှာ မှန်ကန်ခြင်းမရှိဟု တရုတ်တင်းနစ်မယ် ဖုန်ရွှိုင်က အင်တာဗျူးတစ်ခုတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဖုန်ရွှိုင်သည် စင်ကာပူ အခြေစိုက် တရုတ်ဘာသာဖြင့်ထုတ်ဝေသော Lianhe Zaobao သတင်းစာနှင့် အင်တာဗျူး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလအတွင်းက Weibo တွင် တင်ရှိခဲ့သည့် Post အပေါ် နားလည်မှုများ လွဲမှားသွားခြင်းသာဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်သည့် နှစ်ယောက်တွဲ ကမ္ဘာ့အဆင့် ၁ ကစားသမားဟောင်း ဖုန်ရွှိုင်သည် တရုတ်ဒုဝန်ကြီးချုပ်ဟောင်း ကျန်းကောင်းလီနှင့် လိင်ဆက်ဆံမှု ပြုလုပ်ရန် အတင်းအကျပ် ဖိအားပေးခံရဖူးကြောင်း နိုဝင်ဘာ ၃ ရက်က တရုတ်လူမှုမီဒီယာ Weibo တွင် ထုတ်ဖော်ရေးသားခဲ့သည်။ ဖုန်ရွှိုင်သည် အဆိုပါ Post ကို မ ကြာမီမှာပင် ပြန်ဖျက်ခဲ့ခြင်းဖြစ်သည်။
"တစ်စုံတစ်ယောက်က ကျွန်မကို လိင်အကြမ်းဖက်ခဲ့တယ်လို့ ဘယ်တော့မှ မပြောခဲ့သလို၊ ရေးလည်း မရေးခဲ့ပါဘူး။ ဒီအချက်က လုံးဝရှင်းလင်းပြတ်သားပါတယ်။ ဘာကြောင့် ကျွန်မကိုပဲ စောင့်ကြည့်နေတာလဲ။ ကျွန်မကတော့ အမြဲတမ်း အချုပ်အနှောင်ကင်းပါတယ်"ဟု ဖုန်ရွှိုင်က ဗီဒီယိုအင်တာဗျူးတွင် ပြောကြားခဲ့သည်။
အမျိုးသ မီးတင်းနစ်အဖွဲ့ချုပ် (WTA) ကမူ ဖုန်ရွှိုင်၏ လိင်အကြမ်းဖက်ခံရသည့် စွပ်စွဲချက်အပေါ် Censor မပါသော မျှတပြီး ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုကို ဆက်လက်တောင်းဆိုကြောင်း AFP သတင်းဌာနသို့ Email ပေးပို့ခဲ့သည်။















