ပရီးမီးယားလိဂ်ကလပ်အသင်းအချို့ တွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်နေသောကြောင့် ကာကွယ်ဆေးမြှင့်တင်မှု Booster ထိုးနှံရန် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက တိုက်တွန်းခဲ့ကြောင်းသိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားသမားများအား ဗိုင်းရပ်စ်စစ်ဆေးမှုကို တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်ရန် သတ်မှတ်ထားပြီး တချို့ ကလပ်အသင်းများမှာ ကြိုတင်ကာကွယ်မှု ပြုလုပ်သည့်အနေဖြင့် ယင်းအကြိမ်အရေအတွက် ထက်ပိုကာ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်သည့် စပါး၊ မန်ယူ၊ အက်စတွန်ဗီလာ၊ လက်စတာ၊ ဘရန့်ဖို့ဒ်၊ နောဝစ်ချ်၊ ဘရိုက်တန် နှင့် မန်စီးတီးအသင်းတို့မှာ ကိုဗစ်ပြဿနာ များနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရသည်။ မန်ယူအသင်းတွင် ဒီဇင်ဘာလ ၁၃ ရက်က ဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိခဲ့ရသဖြင့် ကာရင်တန်လေ့ကျင့်ရေးကွင်းကို ပိတ်ထားခဲ့ပြီး မနေ့က ကစားရန် စီစဉ်ထားသည့် ဘရန့်ဖို့ဒ်နှင့် ပရီးမီးယားလိဂ်အဝေး ကွင်းပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ရသည်။
မန်စီးတီးအသင်းတွင် အသင်းဝန်ထမ်းတစ်ဦး၊ ဘရိုက်တန်အသင်းတွင် ကစားသမား သုံးဦး သို့မဟုတ် လေးဦးအထိ ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ဟု အသင်းနည်းပြများဖြစ်သည့် ဂွါဒီယိုလာနှင့် ဂရေဟမ်ပေါ်လ်တာတို့က အသီးသီးအတည်ပြုထားခဲ့သည်။ ဗီလာအသင်းတွင်လည်း ကစားသမားတစ်ဦးနှင့် အသင်းဝန်ထမ်းတစ်ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရသဖြင့် ဒီဇင်ဘာလ ၁၂ ရက်က အသင်းလေ့ကျင့်ခန်း အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသည်။















