ယခုရာသီထိပ်တန်းလိဂ် (၅)ခုတွင် လိဂ်ဂိုး (၁၀)ဂိုးနှင့်အထက်စီ သွင်းယူနိုင်သည့် ပထမဆုံးတိုက်စစ်အတွဲအဖြစ် ဘန်ဇီမာနှင့် ဗင်နီစီယပ်စ် မှတ်တမ်းဝင်

ယခုရာသီထိပ်တန်းလိဂ် (၅)ခုတွင် လိဂ်ဂိုး (၁၀)ဂိုးနှင့်အထက်စီ သွင်းယူနိုင်သည့် ပထမဆုံးတိုက်စစ်အတွဲအဖြစ် ဘန်ဇီမာနှင့် ဗင်နီစီယပ်စ် မှတ်တမ်းဝင်
Photo: Getty Images
Photo: Getty Images
Published 6 December 2021

ရီးယဲလ်မက်ဒရစ်အသင်း၏ တိုက်စစ်ကစားသမားနှစ်ဦးဖြစ်သော ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာ (၃၃ နှစ်) နှင့် ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ် (၂၁ နှစ်)တို့သည် ယခုရာသီလာလီဂါပြိုင်ပွဲတွင် သွင်းဂိုး (၁၀)ဂိုးနှင့်အထက်စီ သွင်းယူထားနိုင်ခဲ့ပြီး ၂၀၂၁- ၂၂ ရာသီ ဥရောပထိပ်တန်းလိဂ် (၅)ခုတွင် ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးတိုက်စစ်အတွဲအဖက်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် စနေနေ့ကယှဉ်ပြိုင်ခဲ့သော စပိန်လာလီဂါပွဲစဉ် ဆိုစီဒက် (၀-၂) ရီးယဲလ်မက်ဒရစ်ပွဲ၌ ဗင်နီစီယပ်စ်မှာ ယခုရာသီ၎င်း၏ (၁၀)ဂိုးမြောက်လာလီဂါသွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် အသင်းဖော်တိုက်စစ်မှူး ဘန်ဇီမာ (၁၂ ဂိုး)နှင့်အတူ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ ခြင်းဖြစ်သည်။

ယခုရာသီဥရောပထိပ်တန်းလိဂ် (၅)ခုတွင် သက်ဆိုင်ရာလိဂ်အလိုက် လိဂ်သွင်းဂိုး (၁၀)ဂိုးနှင့်အထက် သွင်းယူသည့် ကစားသမားများစွာရှိသော်လည်း အသင်းတစ်သင်းတည်းတွင် ကစားသမား (၂)ဦးမှ လိဂ်သွင်းဂိုး (၁၀)ဂိုးစီနှင့်အထက်သွင်းယူနိုင်ခဲ့ခြင်းမှာမူ ဘန်ဇီမာနှင့် ဗင်နီစီယပ်စ်တို့က ပထမဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ဘန်ဇီမာနှင့် ဗင်နီစီယပ်စ်တို့သည် အီတလီလူမျိုးနည်းပြ အန်ဆယ်လော့တီလက်အောက်၌ တိုက်စစ်ပိုင်းတွင် အကောင်းဆုံးတွဲဖက်ကစားကာ လာလီဂါပြိုင်ပွဲတွင်သာမက ယခုရာသီပြိုင်ပွဲစုံတွင်လည်း ထိပ်တန်းလိဂ် (၅)ခု၌ ဂိုးသွင်းအများဆုံး တိုက်စစ်အတွဲအဖက်အဖြစ်ရပ် တည်နေနိုင်ကြောင်း သိရသည်။

ဘန်ဇီမာသည် ယခုရာသီတွင် ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံပွဲ (၂၀)ကစားကာ (၁၇)ဂိုးသွင်းယူပေးထားသလို၊ ဗင်နီစီယပ်စ်မှာလည်း ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၁၂)ဂိုးအထိ သွင်းယူပေးထားခြင်းဖြစ်သည်။

ထို့ပြင် လူငယ်တိုက်စစ်မှူး ဗင်နီစီယပ်စ်သည် ပြီးခဲ့သည့် (၃)ရာသီအတွင်း ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၁၈)ပွဲကစားရာ၌ (၁၅)ဂိုးသာသွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီတွင်မူ ရာသီဝက်ကာလမရောက်မီမှာပင် ယင်း (၃)ရာသီစာသွင်းဂိုးအရေအတွက်ကိုလိုက်မီရန် နီးစပ်နေခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီလာလီဂါ ပွဲစဉ် (၁၆)အပြီးတွင် သွင်းဂိုး (၃၇)ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးအသင်းအဖြစ်ရပ်တည်နေနိုင်သလို၊ နောက်ဆုံး (၅)ရာသီတွင် လာလီဂါပွဲစဉ် (၁၆)အပြီးအသင်းအတွက် ဂိုးသွင်းအများဆုံးရာသီဖြစ်ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent