လုပ်ပွဲပြဿနာကြောင့် ပွဲပယ်ခံရဖူးသူကို ပွဲကြီးပွဲကောင်းတွင် တာဝန်ပေးခဲ့ခြင်းအတွက် ဘယ်လင်ဟမ် မေးခွန်းထုတ်

လုပ်ပွဲပြဿနာကြောင့် ပွဲပယ်ခံရဖူးသူကို ပွဲကြီးပွဲကောင်းတွင် တာဝန်ပေးခဲ့ခြင်းအတွက် ဘယ်လင်ဟမ် မေးခွန်းထုတ်
Published 6 December 2021

ဒေါ့မွန်အသင်း၏ အင်္ဂလန်တောင်ပံကစားသမား ဘယ်လင်ဟမ်သည် အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်အသင်းကို (၂-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ဒိုင်လူကြီး ဖိလစ်ဇဝါယာကို တာဝန်ပေးခဲ့ခြင်းအတွက် မေးခွန်းထုတ် ဝေဖန်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒိုင်လူကြီးမှာ ဂျာမန်ဘောလုံးသမိုင်းတွင် အဆိုးရွားဆုံး လုပ်ပွဲအရှုပ်အထွေးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ၂၀၀၅ ခုနှစ်ပြဿနာတွင် ပါဝင်ခဲ့သူဖြစ်ပြီး (၆)လပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ကြေး ယူရို(၃၀၀)ပေးဆောင်ခဲ့ရသည်။
ဇဝါယာသည် ယင်းအချိန်က စည်းကြပ်ဒိုင်တစ်ဦးအဖြစ် လုပ်ပွဲအရှုပ်အထွေးနှင့် ငြိစွန်းကာ ပြစ်ဒဏ်များ ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဘယ်လင်ဟမ်သည် ယင်းပွဲတွင် ဒေါ့မွန်အသင်း ရရှိသင့်သည့် ပယ်နယ်တီကို ဇဝါယာက ငြင်းပယ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကိုမူ အနိုင်ဂိုးဖြစ်စေမည့် ပယ်နယ်တီပေးခဲ့ခြင်းကြောင့် ဒေါသပေါက်ကွဲကာ ဝေဖန်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဘယ်လင်ဟမ်က ''ဂျာမနီက အကြီးမားဆုံးပွဲမှာ လုပ်ပွဲပြဿနာရှိခဲ့ဖူးတဲ့ ဒိုင်လူကြီးကို တာဝန်ပေးခဲ့တာ ဘာကို မျှော်လင့်လို့လဲ''ဟု မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်။
ယင်းပွဲတွင် ဒေါ့မွန်နည်းပြ မာကိုရို့စ်သည် ပယ်နယ်တီအဆုံးအဖြတ်များနှင့်ပတ်သက်ပြီး ဒိုင်လူကြီးကို ဒေါသတကြီး စောဒကတက်ခဲ့သည့်အတွက် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံခဲ့ရသလို၊ ဘယ်လင်ဟမ်အနေဖြင့် ယခုကဲ့သို့ ဝေဖန်မှုအတွက် အရေးယူခံရဖွယ်ရှိကြောင်း သတင်းထွက်နေသည်။
ထို့ကြောင့် ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ဘယ်လင်ဟမ်ဘက်တွင် အပြည့်အဝရပ်တည်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

Most Read

Most Recent