အာရှ ဒုတိယအကြီးဆုံး ရခိုင်ပြည်နယ် ဝမ်ဖိုက်ဒီရေတော ထိန်းသိမ်းရေး

အာရှ ဒုတိယအကြီးဆုံး ရခိုင်ပြည်နယ် ဝမ်ဖိုက်ဒီရေတော ထိန်းသိမ်းရေး
၀မ်ဖိုက်ဒီရေတောကို တွေ့ရစဉ် ( photo- tun naing facebook)
၀မ်ဖိုက်ဒီရေတောကို တွေ့ရစဉ် ( photo- tun naing facebook)
Published 5 December 2021
ဝင်းကျော်အောင်

တောင်ကုတ်မှ စစ်တွေသို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသင်္ဘောဖြင့် ခရီးသွားဖူးသည်။ တောင်ကုတ်ဆိပ်ကမ်းမှ သင်္ဘောမှာ ဒီရေတက်ချိန် ချောင်းရေပြည့်မှ စထွက်ရသည်။ အချိန်မရွေး သင်္ဘောဝင်ထွက်၍ မရ။ ချောင်းကြောင်း အသွယ်သွယ်ကို ဖြတ်သွားရသလို ပင်လယ်ပြင်ကိုလည်း ဖြတ်ကူးရသည်။ အလားတူ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ကို ဖြတ်သွားစဉ် ဝမ်ဖိုက်ဒီရေတော (ဒေ သအခေါ် ပြားတော) ကို ဖြတ်စဉ်မှာလည်း ချောင်းကြောင်းများ အတိုင်းသွားရသည်။ မင်းကြောင်းချောင်းကိုဖြတ်စဉ် ညနေပိုင်း ဒီရေကျချိန်နှင့်တိုးသဖြင့် သင်္ဘောသွားမရတော့ ဘဲသောင်တင်သွားသည်။ သင်္ဘောရပ်နား လိုက်သည်နှင့်အမှောင်ထုတွင် ပြားတောမှ ထွက်လာသည့်ခြင်များက သင်္ဘောပေါ်မှ ခရီးသည်များကို ဒုက္ခပေးတော့သည်။

သင်္ဘောသောင်တင်သွားသည့် မင်းကြောင်းချောင်းမှာ ဝမ်ဖိုက်ဒီရေတောထဲတွင် ရှိသည့်ချောင်းဖြစ်သည်။ သင်္ဘောပေါ်မှ လှမ်းကြည့်လိုက်လျှင် ကြည့်မဆုံးသည့် ဒီရေတောကြီးက တစ်မျှော်တစ်ခေါ်မြင်ရသည်။ ချောင်းကမ်းဘေးနား ပြာပင်ကြီးများပေါ်တွင် ဗျိုင်းငှက်များက အုပ်လိုက်မြင်ရသည်။ တခြား အမျိုးအမည်မသိငှက်များကလည်း ပျံဝဲနေကြသည်။

ယခင်က ဆိုလျှင် ရမ်းဗြဲကျွန်း ဒီရေတောများတွင် မိကျောင်းကြီးများ ကျင်လည်ကျက်စားခဲ့သည်ဟု သိရသည်။ ဒုတိယကမ္ဘာစစ်ကြီးကာလ ၁၉၄၅ ခု ဖေဖော်ဝါရီတွင် ဗြိတိသျှတပ်တို့၏ပစ်ခတ်မှုတွင် ဂျပန်စစ်သား တစ်ထောင်ခန့်သည် ရမ်းဗြဲကျွန်းပေါ်ရှိ ဒီရေတောကြီးထဲသို့ ဖြတ်သန်းဝင်ရောက်စဉ်က မိကျောင်းများ သတ်ဖြတ်စားသောက်ခြင်းကိုခံခဲ့ရပြီး စစ်သား အယောက် ၂၀ သာ အသက်ရှင်ခဲ့ပုံကို အမေရိကန်စာရေးဆရာ ဂျွန်အယ်လ် ကန့်ဘဲလ် (JOHN L.CAMPBELL) ရေးခဲ့သည့် လမုပင်များ (THE MANGROVES) စာအုပ်နှင့်  ဗြိတိသျှ စာရေးဆရာ ရောဘတ်အပ်ပဲတန်  (Robert Appleton) ရေးခဲ့သည့် ရမ်းဗြဲကျွန်းတွင် ကွယ်သည့်နေ (SUNSET ON RAMMREE) စာအုပ်တို့တွင် ရေးသားခဲ့ကြသည်။

ဝမ်ဖိုက်ဒီရေတောကြီးကိုဖြတ်ကာ ကျောက်ဖြူ-ရမ်းဗြဲ-မအီ ကားလမ်း ဖောက် လုပ်ထားပြီဖြစ်သည်။ ကားလမ်းပေါ်ရှိ မင်းကြောင်းတံတားသည် ရခိုင်ပြည်နယ်တွင် အရှည်ဆုံးတံတား ဖြစ်သည်။ တံတားအောက် မှ သင်္ဘော ဖြတ်သန်းသွားလာနိုင်သည့်အတွက် တံတားက မြင့်လည်းမြင့်သည်။ ဝမ်ဖိုက်ဒီရေတောသည် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်အတွင်း တည်ရှိသည့် ဒီရေတောကြိုးဝိုင်းဖြစ်ပြီး ၁၉၃၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ကာ ဧရိယာ ဧက ၅၆၆၀၀ ရှိသည်ဟု သိရသည်။

ဒုတိယကမ္ဘာစစ်မတိုင်မီအချိန်နှင့် စစ်ပြီးခေတ် လွတ်လပ်ရေးရပြီးကာလက မီးသင်္ဘောများတွင် လိုအပ်သည့် မီးထိုးထင်းများကို ဝမ်ဖိုက်ဒီရေတောမှထုတ်ယူ အသုံးပြုခဲ့သည်ဟုလည်း မှတ်သားဖူးသည်။

ထိုပြင် ဝမ်ဖိုက်ဒီရေတောတွင် ကမ္ဘာ့ရှားပါးမျိုးစိတ်ဝင်ဖြစ်သော မြိုင်ကြီးပင်ကဲ့သို့ အပင်မျိုး ပေါက်ရောက်လျက်ရှိသည်ဟုလည်း သိရသည်။ မြိုင်ကြီးပင်မှာ ကမ္ဘာပေါ်တွင် နောက်ဆုံးသုံးပင်သာ ကျန်ရှိတော့သည်ဟု မှတ်သားရပြီး အင်ဒိုနီးရှားနိုင်ငံတွင် နှစ်ပင်နှင့် ကျန်တစ်ပင်မှာ ဝမ်ဖိုက်ဒီရေတောတွင် တွေ့ ရှိရသည်ဟုသိရသည်။ လက်ရှိတွင် ဝမ်ဖိုက်တောတွင် မြိုင်ကြီးပင် ၁၄ ပင် ရှိနေသည်ဟု လေ့လာသူဒေသခံများထံမှ သိရသည်။

ကျယ်ပြောလှသည့် သဘာဝဒီရေတောကြီးဖြစ်သော ဝမ်ဖိုက်ဒီရေတောသည် ဒေသခံများအတွက် ဝမ်းစာကို တစ်ဖက်တစ်လမ်းက ပေးကမ်းနေသည်။ ဒီရေတောမှ ထင်းခုတ်၍ရသလို ငါးပုစွန်များကိုလည်း ရှာဖွေစား သောက်၍ရသည်။ ဒေသတွင်း ထင်းလောင်စာအတွက် ဝမ်ဖိုက်ဒီရေတောမှပင် ခုတ်လှဲ ရောင်းချလာသည်မှလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

ထိန်းသိမ်းရန်လိုအပ်လာသည့် ဝမ်ဖိုက်ဒီရေတော

အာရှတွင် ဒုတိယအကြီးဆုံးအဖြစ် တည်ရှိနေသည့် ဝမ်ဖိုက်ဒီရေတောမှာလည်း နေ့စဉ် နှင့်အမျှ သစ်ပင်များ ခုတ်လှဲခံနေရသည့်အတွက် တစ်ရက်ထက်တစ်ရက် တစ်နှစ်ထက် တစ်နှစ် ဒီရေတောပျက်စီးမှုများကို ကြုံတွေ့ လာရပြီဖြစ်သည်။ အထူးသဖြင့် မီးသွေးထုတ်လုပ်မှုနှင့် အုတ်ဖုတ်ထင်းအတွက် သစ်ပင်များခုတ်လှဲနေခြင်းမှာ ဒီရေတောကို လျင်မြန်စွာ ပျက်စီးစေသည်ဟု ပညာရှင်များ၊ လေ့လာသူများက ထောက်ပြပြောဆိုလာခဲ့သည်။

ရခိုင်ဒီရေရောက် နေရာအတော်များများတွင် ငါးပုစွန်ကန်များ တူးဖော်တည်ဆောက်ခြင်း၊ ဆားကွင်းများ ဖော်ထုတ်လုပ်ကိုင်ခြင်း၊ စိုက်ပျိုးမြေများချဲ့ထွင်ခြင်း၊ သစ်ထုတ်လုပ်မှု အလွန်အကျွံ လုပ်ကိုင်ခြင်းတို့ကြောင့် ဒီရေတောများ ပျက်စီးခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် ဒီရေရောက်တော ဧက လေးသိန်းကျော် ရှိနေသေးသော်လည်း အများစုမှာ ခုတ်ကျန်တောများဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ဝမ်ဖိုက်ဒီရေတောသို့ မြို့နယ်အသီးသီးမှ စက်လှေများဖြင့်လာရောက်ကာ မီးသွေးထုတ်လုပ်ရန်အတွက်သာမက အုတ်ဖုတ်လုပ်ငန်းတွင် အသုံးပြုရန်အတွက်ပါ သစ်ပင်ခုတ်လှဲမှုများရှိနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ သို့အတွက် အစိုးရအနေဖြင့် ယင်းသို့ခုတ်လှဲခြင်းများကို အရေးယူဆောင်ရွက်ရန်လိုကြောင်း ဒေသခံများကထောက်ပြပြောဆိုလာကြသည်။ ဒီရေတော ပျက်စီးလာသည်နှင့်အမျှ လှိုင်းဒဏ်လေဒဏ်ကြောင့် ကျောက်ဖြူ- ရမ်းဗြဲ- မအီကားလမ်းမှာလည်း ပျက်စီးသွားနိုင်သည်ဟု ထောက်ပြပြောဆိုကြသည်။

ဝမ်ဖိုက်ဒီရေတောကို ကာကွယ်ထိန်းသိမ်းရန် ကော်မတီဖွဲ့စည်း

ရခိုင်ပြည်နယ်အတွင်းရှိ ဝမ်ဖိုက်ဒီရေတောကို ကာကွယ်ထိန်းသိမ်းရန်အတွက် ဝမ်ဖိုက်ဒီရေတော စောင့်ရှောက်ကာကွယ်ထိန်းသိမ်းရေးကော်မတီတစ်ခုကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ယင်းကော်မတီတွင် ဒီရေတောထိန်းသိမ်းရေးလုပ်ဆောင်နေသူများနှင့် ဒေသခံများ စုစုပေါင်း ၂၆ ဦးပါဝင်ပြီး ဝမ်ဖိုက်ဒီရေတောမှ တရားမဝင်သစ်ထုတ်လုပ်မှု၊ လောင်စာထင်းမီးသွေးထုတ်လုပ်မှုကို ကာကွယ်သွား မည်ဟု သိရသည်။

ဦးဥတ္တမ ဒီရေတော

ရခိုင်ပြည်နယ် အမ်းမြို့နယ် သံဇစ်မြစ်ဖျားရှိ ကျွန်းပေါ်ရှိ လူသူအရောက်အပေါက် နည်းသောဒေသတွင် ပေါက်ရောက်နေသော ဧက ၅၀၀ ခန့် ကျယ်ဝန်းသည့် ဒီရေတောကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၉ ရက်တွင်ကျ ရောက်သော ဆရာတော်ဦးဥတ္တမနေ့၌ ဦးဥတ္တမဘေးမဲ့ဒီရေတောအဖြစ် ဒေသခံများက သတ်မှတ်ခဲ့ကြသည်။

ထို့ပြင် ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်မည့် ကော်မတီတစ်ခုကို ကျေးရွာ ၁၅ ရွာဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါကော်မတီကိုဆရာတော် ဦးဥတ္တမဘေးမဲ့ဒီရေတောနှင့် ၁၀ မိုင်အတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ဆရာတော်ကြီး ၁၅ ပါးနှင့် ရပ်မိရပ်ဖ ၈၂ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။

ယင်းသို့ အရပ်ဘက်အဖွဲ့အစည်းများက ဒီရေတောထိန်းသိမ်းရေးများကို ပြုလုပ်ခဲ့ပြီးနောက် သက်ဆိုင်ရာကလည်း ထိန်းသိမ်းမှုများရှိလာသည်ဟုသိရသည်။ ဝမ်ဖိုက်ဒီရေတောမှ တရားမဝင်သစ်ခိုးထုတ်မှုများ မရှိစေရေးအတွက် ကင်းလှည့်စစ်ဆေးခြင်းများရှိ နေပြီဟုလည်းသိရသည်။

တန်ဖိုးကြီးသည့် ဒီရေတော

ဒီရေတောတွေများကို ပတ်ဝန်းကျင် အညစ်အကြေးများကို စစ်ထုတ်ပေးသည့် သစ်တောများနှင့် သမုဒ္ဒရာများကဲ့သို့ သဘာဝတရားကြီး၏  ရေစစ်ကြီး (Nature Reservoir) တစ်ခုဟုဆိုကြသည်။ ပင်လယ်နှင့်  မြစ်ချောင်းက ရေများသည် ဒီရေတောများကို  ဖြတ်သန်းစီးဆင်းသွားသည့်အခါ ဒီရေထဲတွင်ပါရှိသည့် ဓာတ်သတ္တုပစ္စည်းများသည် ဓာတ်ကွဲပြီး နုန်းမြေထဲတွင် အနည်ထိုင်သွားကြသည်။ ဒီရေတောရှိ အပင်များသည်  ယင်းဓာတ်သတ္တုများကို စုပ်ယူကြသည်။ တချို့အပင်များသည် အဆိပ်ဓာတ်များကိုလည်း  စုပ်ယူနိုင်သည်ဟု ဆိုသည်။ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရေးနှင့် အကျိုးရှိစွာအသုံးချရေး နိုင်ငံတကာ သဘောတူညီချက်တစ်ရပ်ကို ၁၉၇၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်ကတည်းက အီရန်နိုင်ငံ ရမ်ဆာမြို့တွင်  ကျင်းပခဲ့သည့် အစည်းအဝေးကြီးတွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်ဟု လေ့လာမှတ်သားရသည်။ ယင်းသဘောတူညီချက်သည်  ၁၉၇၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှစပြီး အသက်ဝင်ခဲ့သည်။

ဒီရေတောများ၏ ထူးခြားသည့် အမြစ်ဖွဲ့စည်းမှုနှင့် အုပ်စုဖွဲ့ပေါက်ရောက်မှုများကြောင့် ရေလှိုင်း၏ ပုတ်ခတ်မှုဒဏ်ကို ကောင်းစွာခံနိုင်ရည်ရှိသည်။

မုန်တိုင်းနှင့် လေပြင်းများ တိုက်ခတ်မှုဒဏ်မှလည်း ဒီရေလှိုင်းများကမ်းခြေသို့ ဝင်ရောက် လာသည့်အချိန်တွင် လှိုင်း၏အရှိန်ကို များစွာလျော့ကျစေခြင်းဖြင့် လူနှင့် သတ္တဝါများ၏ အသက်အိုးအိမ်ကို များစွာအကာအ ကွယ်ပေးထားနိုင်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် မေလအတွင်း နာဂစ်  မုန်တိုင်းတိုက်ခတ်စဉ်က ကဒုံကနိကြိုးဝိုင်းအတွင်းရှိ ဒီရေတောစိုက်ခင်း လက်ကျန်များ နှင့် သဘာဝတောလက်ကျန်များကြောင့် လူပေါင်းမြောက်မြားစွာ အသက်ရှင်နိုင်ခဲ့ကြပါသည်။ အလားတူ မိန်းမလှကျွန်းဘေးမဲ့တောကြောင့်လည်း လူပေါင်းများစွာ အသက်ရှင်သန်ခွင့်ရရှိခဲ့ကြပါသည်။ မုန်တိုင်းလမ်း ကြောင်းတွင် ကန့်လန့်ခံလျက်တည်ရှိနေသည့် မိန်းမလှကျွန်းဘေးမဲ့တော၏မျက်နှာစာ (အနောက်ဘက်) ပိုင်းရှိ ကျေးရွာများမှာ လူနေအိမ်ခြေပျက်စီးမှုနှင့် လူအသေအပျောက် အလွန်များပြားခဲ့သော်လည်း မိန်းမလှကျွန်း ဘေးမဲ့တော၏ အကာအကွယ်ကိုရခဲ့သည့် အရှေ့ဘက်မှ ကျေးရွာများမှာ လူအသေအပျောက်နှင့် အိုးအိမ်ပျက်စီးမှုအလွန်နည်းခဲ့ခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဒီရေတောကောင်းများသည် ပြင်းထန်သော မုန်တိုင်းအရှိန်အဟုန်ကို လျော့နည်းစေနိုင်ပြီး ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိရောက်စွာ အကာအကွယ် ပေးနိုင်ခဲ့သည်ကို ပြည်သူလူထု လက်တွေ့သိရှိနားလည်ခဲ့ကြသည်။

ဒီရေတောများ ထိန်းသိမ်းရေး

သစ်တောဦးစီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသသုံးခုရှိသည့်အနက် ဒီရေတော ဖုံးလွှမ်းမှုမှာ ၁၉၈၀ ပြည့် နှစ်မှ ၂၀၁၅ ခုနှစ်အထိ တနင်္သာရီတိုင်းဒေသကြီးတွင် အမြင့်ဆုံး ၉၈ ရာခိုင်နှုန်း၊ ဧရာဝတီ ကမ်းရိုးတန်း မြစ်ဝကျွန်းပေါ်ဒေသတွင် ၂၉ ရာခိုင်နှုန်းရှိကာ ရခိုင်ကမ်းမြောင်ကမ်းရိုး တန်းဒေသတွင် ၇၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မြစ်ဝကျွန်းပေါ်ဒေသသည် ယခင်က မြန်မာနိုင်ငံ၏ ဒီရေတော အများဆုံးပေါက်ရောက်ရာ ဒေသတစ်ခု ဖြစ်ခဲ့ပြီး ဒီရေရောက်တောဧကရှစ်သန်းခန့် ရှိခဲ့သော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကျရောက်ပြီးနောက်ပိုင်းတွင် ဒီရေရောက်တောဧက ငါးသိန်းခန့်သာကျန်ရှိတော့ ကြောင်း သိရသည်။ ဒီရေရောက်တောများကို သစ်တောဦးစီးဌာနက ကြိုးပြင်၊ ကြိုးဝိုင်းတောများ သတ်မှတ်၍ ကာကွယ်ထိန်းသိမ်းလျက်ရှိ ကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ကကောက်ယူခဲ့သည့်စာရင်းအရ ရခိုင်ပြည်နယ်တွင် ဒီရေတောဧက စုစုပေါင်း ၃၉၅၇၂၆ ဧကရှိပြီး မောင်တောခရိုင်တွင် ၅၃၂၀ ဧက၊ စစ်တွေ ခရိုင်တွင် ၇၄၆၀ ဧက၊ မြောက်ဦးခရိုင်တွင် ၁၄၈၂၆၈ ဧက၊ ကျောက်ဖြူခရိုင်တွင် ၈၃၆၆၀ ဧကနှင့် သံတွဲခရိုင်တွင် ၈၃၈၇၆ ဧကရှိကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ ဒီရေတောများဖုံးလွှမ်းလျက်ရှိသော ဧရိယာသည် အာရှတိုက်တွင် တတိယအကြီးဆုံးသော ဒီရေတောဂေဟစနစ်ကြီးပင် ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒီရေတောများ ပြုန်းတီးမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်နေပြီး ဒီရေတောများကို စိုက်ပျိုးရေး၊ မြို့ရွာများတိုး ချဲ့ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် ပြောင်းလဲအသုံးပြုလျက်ရှိရာ ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၄ ခုနှစ်ကြားကာလအတွင်း နှစ်စဉ် ခန့်မှန်းခြေစုစုပေါင်း ဒီရေတောဧရိယာ၏ ၂ ဒသမ ၂ ရာခိုင်နှုန်းဆုံးရှုံး လျက်ရှိသည်ဟု ယူအန်ဒီပီက ၂၀၂၀ ခု အောက်တိုဘာ ၁ ရက်က ထုတ်ပြန်ချက်ထဲတွင် ဖော်ပြပါရှိသည်။

ဒီရေတောများ ပြုန်းတီးခြင်းကြောင့် ပင်လယ်ကမ်းရိုးတန်းနေ လူသားများ၏ လူမှုစီးပွားရေးအခြေအနေများ ထိခိုက်ကျဆင်းခြင်း နှင့် ပင်လယ်ကမ်းရိုးတန်းဒေသ၏ ဂေဟစနစ်သည်လည်း ယိုယွင်းပျက်စီးလာသဖြင့် ရေရှည်တွင် ပို၍ကြီးမားသော ကပ်သင့်မှုများနှင့် ပင်ရင်ဆိုင်လာရနိုင်သဖြင့် ဒီရေတောများအား ထိန်းသိမ်းခြင်းနှင့် ပြန်လည်စိုက်ပျိုးခြင်းများကို အလေးပေးဆောင်ရွက်သွားရန် လိုအပ်ပါသည်။

Most Read

Most Recent