COVID-19 မျိုးကွဲသစ် Omicron နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းများ

COVID-19 မျိုးကွဲသစ် Omicron နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းများ
Published 27 November 2021

အမေရိကန်ဆေးကုမ္ပဏီ Moderna က COVID-19 ဗိုင်းရပ်စ်မျိုးကွဲသစ် Omicron ကူးစက်ခံရမှုမှ ထိရောက်စွာ ကာကွယ်နိုင်သည့် ထပ်တိုးကာကွယ်ဆေးတစ်မျိုးကို တီထွင်ထုတ်လုပ်သွားမည်ဟု နိုဝင်ဘာ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

လာမည့်သီတင်းပတ်တွင် ပြုလုပ်ရန်စီစဉ်ထားသည့် လေးနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု အဖွဲ့အစည်း၏ အကြီးမားဆုံးစုဝေးမှုဖြစ်သည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညီလာခံကို Omicron ဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်၊ ဘရာဇီး၊ကနေဒါနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် Omicron ဗိုင်းရပ်စ်မျိုးကွဲသစ် စတင်တွေ့ရှိခဲ့သည့် အာဖရိကတောင်ပိုင်းမှ ခရီးသွားလာမှုများကို နိုဝင်ဘာ ၂၆ ရက်တွင် ကန့်သတ်ချက် ထုတ်ပြန်သည့် နောက်ဆုံးနိုုင်ငံများ ဖြစ်လာခဲ့သည်။

တောင်အာဖရိကတွင် Omicron ဗိုင်းရပ်စ်မျိုးကွဲသစ် တွေ့ရှိခဲ့သောကြောင့် လေကြောင်းခရီးစဉ်များ မပိတ်ပင်မီ နောက်ဆုံးကျန်ရှိနေသော လေကြောင်းခရီးစဉ်များဖြင့် ၎င်းတို့သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်နိုင်ရန် ဂျိုဟန်နက်စဘတ်ဂျ့်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားများတန်းစီ စောင့်ဆိုင်းနေခဲ့ကြသည်။

မော်ရိုကိုနိုင်ငံကလည် အာဖရိကတောင်ပိုင်းရှိ နိုင်ငံခုနစ်နိုင်ငံမှ ခရီးသွားများကို နိုင်ငံတွင်း ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်ခဲ့ကြောင်း MAP သတင်းဌာနတွင် ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံကလည်း Omicron ဗိုင်းရပ်စ်မျိုးကွဲသစ် တွေ့ရှိခဲ့သည့် အာဖရိကတောင်ပိုင်းရှစ်နိုင်ငံမှ ခရီးသည်များကိုနိုင်ငံတွင်း ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်လိုက်ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တောင်အာဖရိကနိုင်ငံမှ ရောက်ရှိလာသော ခရီးသည် ၆၁ ဦးတွင် COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု နယ်သာလန်အာဏာပိုင်များက နိုဝင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

COVID-19 မျိုးကွဲသစ်အပေါ် စိုးရိမ်မှုများကြောင့် ခရီးသွားလာမှု တားမြစ်ပိတ်ပင်ချက်များ ချမှတ်နေမှုသည် အလွန်ပြင်းထန်ပြီး သိပ္ပံနည်းမကျသည့်အပြင် WHO ၏ အကြံပြုချက်နှင့် ကွဲလွဲနေသည်ဟု တောင်အာဖရိက ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အချို့တုံ့ပြန်မှုများမှာ တရားမျှတခြင်းမရှိဟု ယူဆကြောင်း ကျန်းမာရေးဝန်ကြီး ဂျိုးဖာလားက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Most Read

Most Recent