ရုရှားက ၎င်း၏ ဂြိုဟ်တုတစ်လုံးကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ဟု ဝန်ခံ

ရုရှားက ၎င်း၏ ဂြိုဟ်တုတစ်လုံးကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ဟု ဝန်ခံ
ဧပြီလ ၂၄ ရက်က အမေရိကန်အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် နိုင်ငံတကာ အာကာသစခန်းအား တွေ့ရစဉ်
ဧပြီလ ၂၄ ရက်က အမေရိကန်အမျိုးသားလေကြောင်းနှင့် အာကာသအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် နိုင်ငံတကာ အာကာသစခန်းအား တွေ့ရစဉ်
Published 17 November 2021
Ref: Reuters/AFP

ရုရှားနိုင်ငံက ၎င်း၏ဂြိုဟ်တုများထဲမှ တစ်လုံးကို ဒုံးကျည်စမ်းသပ်မှုတစ်ခုအတွင်း ဖျက်စီးခဲ့သည်ဟု နိုဝင်ဘာ ၁၆ ရက်က ဝန်ခံခဲ့သော်လည်း ယင်းလုပ်ဆောင်မှုသည် နိုင်ငံတကာ အာကာသစခန်း (ISS) အတွက် အန္တရာယ် ရှိခဲ့သည်ဆိုသည့် အမေရိကန်၏ စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။

ရုရှား၏ အန္တရာယ်များပြီး တာဝန်မဲ့သည့် လုပ်ဆောင်ချက်ကြောင့် အာကာသအတွင်း အပျက်အစီးများ ဖြစ်ပေါ်စေခဲ့ပြီး ISS မှ အာကာသယာဉ်မှူးများကို တိမ်းရှောင်စေရသည့် အခြေအနေအထိ ရောက်ရှိစေခဲ့ သည်ဟု အမေရိကန်အရာရှိများက နိုဝင်ဘာ ၁၆ ရက်တွင် စွပ်စွဲခဲ့သည်။

ယင်းလုပ်ဆောင်ချက်သည် လေဆာလက်နက်များမှ အခြားဂြိုဟ်တုများကို ပတ်လမ်းလွဲသွားစေရန် လုပ်ဆောင်နိုင်စွမ်းရှိသည့် ဂြိုဟ်တုများအထိ လွှမ်းခြုံပါဝင်သည့် အာကာသအတွင်း လက်နက်ပြိုင်ဆိုင်မှုများ မြင့်တက်လာမည့်အရေးကို စိုးရိမ်မှုများပြန်လည် ဖြစ်ပေါ်စေခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်းသည် စမ်းသပ်မှုတစ်ခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ၁၉၈၂ ခုနှစ်ကတည်းက ဂြိုဟ်ပတ်လမ်းအတွင်း ရှိနေခဲ့သည့် Tselina-D ဂြိုဟ်တုကို ဖျက်ဆီးခဲ့ ကြောင်း ပြောကြားခဲ့သည်။

ယင်းဒုံးကျည်ပစ်လွှတ်မှုတွင် ပစ်မှတ်ကို တိကျစွာထိမှန်စေသည့် အလားအလာကောင်းသော စနစ်တစ်ခုကို အသုံးပြုခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုက်ဂူက နောက်ပိုင်းတွင် ပြောကြားခဲ့သည်။

ယင်းစမ်းသပ်မှုကြောင့် အပျက်အစီးအပိုင်းအစများသည် အာကာသအတွင်းမှ လှုပ်ရှားမှုများအပေါ် မည်သည့်ခြိမ်းခြောက်မှုကိုမျှ မဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းစမ်းသပ်မှုနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရအား ကြိုတင်အသိပေးခဲ့ခြင်းမရှိကြောင်းနှင့် ယင်းသည် အာကာသယာဉ်တစ်စီးကို မြေပြင်မှ ထိမှန်အောင်ပစ်ခတ်ခဲ့သည့် စတုတ္ထမြောက်ဖြစ်စဉ်ဖြစ်ပြီး ဂြိုဟ်ပတ်လမ်း အတွင်း အပျက်အစီးအပိုင်းအစပေါင်း ၁၅၀၀ ကျော်ပျံ့နှံ့သွားစေခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

ယင်းအန္တရာယ်သည် အဆုံးသတ်သွားခြင်းမရှိသေးဘဲ အပျက်အစီးအပိုင်းအစများသည် အခြားဂြိုဟ်တုများနှင့် ISS ၏လှုပ်ရှားမှုများကို ဆက်လက်ခြိမ်းခြောက်နေလိမ့်မည် ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ်စတိုတန်ဘာ့ချ်ကလည်း ယင်းစမ်းသပ်မှုသည် မဆင်မခြင်နှင့် စိုးရိမ်ဖွယ်ကောင်းသည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သည်ဟု နိုဝင်ဘာ ၁၆ ရက်က ပြောကြားခဲ့သည်။

ထို့ပြင် ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ကလည်း ရုရှား၏စမ်းသပ်မှုကို ဝေဖန်ခဲ့ကြသည်။  ဥရောပ အာကာသအေဂျင်စီ (ESA) မှ ထိပ်သီးအရာရှိတစ်ဦးဖြစ်သူ ဒီဒီယာရှမစ်ကမူ ရုရှား၏စမ်းသပ်မှုသည် အာကာသအတွင်း အပျက်အစီးအပိုင်းအစများဖြင့် တိုက်မိနိုင်သည့် အန္တရာယ်ကို ပိုမိုမြင့်တက်စေခဲ့သည်ဟု ပြောကြားခဲ့သည်။

သို့သော် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့က ၎င်းတို့၏ စမ်းသပ်မှုသည် ISS အတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည့် ပြောကြားချက်များကို ငြင်းဆိုခဲ့သည်။

ထို့ပြင် ရုရှားစစ်တပ်ကလည်း ယင်းစမ်းသပ်မှုသည် မည်သူ့ကိုမျှ တိုက်ခိုက်ရန် ရည်ရွယ်ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ သည်။

 

Most Read

Most Recent