ဂျာနယ်လစ်များကို တားမြစ်ကန့်သတ်ချက်များ ဖြေလျှော့ရန် အမေရိကန်နှင့် တရုတ် သဘောတူညီမှုရရှိ

ဂျာနယ်လစ်များကို တားမြစ်ကန့်သတ်ချက်များ ဖြေလျှော့ရန် အမေရိကန်နှင့် တရုတ် သဘောတူညီမှုရရှိ
နိုဝင်ဘာ ၁၅ ရက်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ရှိ အိမ်ဖြူတော်တွင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးပြုလုပ်နေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား တွေ့ရစဉ်
နိုဝင်ဘာ ၁၅ ရက်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ရှိ အိမ်ဖြူတော်တွင် တရုတ်သမ္မတ ရှီကျင်းပင်နှင့် ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် အစည်းအဝေးပြုလုပ်နေသည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အား တွေ့ရစဉ်
Published 17 November 2021
Ref: Reuters

အမေရိကန်နှင့် တရုတ်တို့သည် ၎င်းတို့နှစ်နိုင်ငံမှ ဂျာနယ်လစ်များအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ရန် သဘောတူညီမှု ရရှိခဲ့သည်ဟု တရုတ်နိုင်ငံပိုင် China Daily သတင်းစာက နိုဝင်ဘာ ၁၆ ရက်တွင် အမည်မဖော်လိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်း ရင်းမြစ်များကို ကိုးကားဖော်ပြခဲ့သည်။

နိုဝင်ဘာ ၁၆ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့၏ ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ပြုလုပ်ခဲ့သည့် အစည်းအဝေးပွဲမတိုင်မီ နှစ်နိုင်ငံ ဂျာနယ်လစ်များအတွက် ဗီဇာနှင့် အခြားအကြောင်းအရာများအပေါ် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်ဟု ယင်းသတင်းစာတွင် ဖော်ပြခဲ့သည်။

နည်းပညာနှင့် ကုန်သွယ်ရေးမှအစ လူ့အခွင့်အရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအထိ များပြားသည့် အကြောင်းကိစ္စများတွင်  ကမ္ဘာ့ထိပ်သီးစီးပွားရေးနှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။

အမေရိကန်သည် တရုတ်နိုင်ငံပိုင် မီဒီယာကြီးတစ်ခု၏ အမေရိကန်ရုံးခွဲများတွင် အလုပ်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို အရေအတွက်လျှော့ချခဲ့ပြီး ၎င်းတို့ကို သက်တမ်းထပ်တိုးခွင့်နှင့်အတူ ရက် ၉၀ သာ နေထိုင်ခွင့်ကာလကို ကန့်သတ်ခဲ့ပြီးနောက် အမေရိကန်အစိုးရသည် တရုတ်ဂျာနယ်လစ်များကို နိုင်ငံရေးအရ ဖိနှိပ်နေသည်ဟု တရုတ်အစိုးရက စွပ်စွဲခဲ့သည်။

ထို့ပြင် ယင်းလုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် အမေရိကန်သတင်းစာအချို့မှ အမေရိကန် ဂျာနယ်လစ်များကို နှင်ထုတ်ခဲ့ပြီး အမေရိကန်မီဒီယာကုမ္ပဏီအချို့ကို ဗီဇာကန့်သတ်မှုများ လုပ်ဆောင်ခဲ့သည်။

သဘောတူညီချက်အသစ်အရ အမေရိကန်သည် တရုတ်ဂျာနယ်လစ်များကို တစ်နှစ်ကြာ ဝင်ခွင့်ဗီဇာများ ထုတ်ပေးမည်ဖြစ်ပြီး တရုတ်ဘက်ကလည်း အမေရိကန်၏ မူဝါဒများ အသက်ဝင်လာသည့်အချိန်တွင် အမေရိကန်ဂျာနယ်လစ်များကို သာတူညီမျှ ဆက်ဆံပေးသွားမည်ဟု China Daily  သတင်းစာက ဖော်ပြခဲ့သည်။

နှစ်နိုင်ငံလုံးသည် သက်ဆိုင်ရာ တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံပြီး ဂျာနယ်လစ်များကို ဗီဇာများထုတ်ပေးသွားမည်ဖြစ်ကာ ယင်းဂျာနယ်လစ်များသည် တင်းကျပ်သည့် COVID-19 စည်း ကမ်းချက်များနှင့်အညီ လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ရှိမည်ဟု ယင်းသတင်းစာတွင် ဖော်ပြခဲ့သည်။ ယင်းအကြောင်းအရာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မှတ်ချက်ပေးရန် တောင်းဆို ချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။

နိုဝင်ဘာ ၁၆ ရက်က သုံးနာရီကျော်ပြုလုပ်ခဲ့သည့် ဘိုင်ဒင်နှင့် ရှီတို့၏ အစည်းအဝေးတွင် ပဋိပက္ခရှောင်ရှားရေးအတွက် ကမ္ဘာ၏ ကျန်သောနေရာများအတွက် မိမိတို့တွင် တာဝန်ရှိသည်ဟု ခေါင်းဆောင်နှစ်ဦးလုံးက အလေးထားပြောကြားခဲ့ကြသည်။

နှစ်နိုင်ငံလုံးက မိမိတို့ရင်ဆိုင်နေရသော စိန်ခေါ်မှုအများအပြားကို ဖြေရှင်းရန် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရမည်ဟု ရှီက ပြောကြားခဲ့ပြီး လူ့အခွင့်အရေး၊ အင်ဒို-ပစိဖိတ်ဒေသမှ အခြားသော ပြဿနာများအပါအဝင် စိုးရိမ်ပူပန်ရသည့် နယ်ပယ်များကို ကိုင်တွယ်ဖြေရှင်းရန် ဘိုင်ဒင်က ကတိပြုခဲ့သည်။

 

Most Read

Most Recent