အီကွေဒေါသည် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အားလုံးကို ထိန်းချုပ်ရန် ဆန္ဒရှိနေသည့် မူးယစ်ဂိုဏ်းများ၏ စိုးရိမ်ဖွယ် ခြိမ်းခြောက်မှုနှင့်ရင်ဆိုင်နေရသည်ဟု သမ္မတဂွီလာမိုလက်ဆိုက နိုဝင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ လူ ၆၈ ဦး သေဆုံးခဲ့သည့် အကျဉ်းထောင်အတွင်း အဓိကရုဏ်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်နှင့် အကျဉ်းဦးစီးဌာန အကြီးအကဲတို့ ရာထူးမှနုတ်ထွက်သွားပြီးနောက်တွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့သည်။
အကျဉ်းသားများအကြား သေနတ်များ၊ ဓားများ၊ ဖောက်ခွဲရေးပစ္စည်းများဖြင့် နှစ်ရက်ကြာ အပြင်းအထန် ရန်ပွဲဖြစ်ပွားမှုကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည့် လူပြည့်သိပ်ကျပ်ညပ်နေသော ၎င်းအကျဉ်းထောင်တွင် ရဲတပ်ဖွဲ့နှင့်စစ်တပ်က အကြီးစားစစ်ဆင်ရေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်ဟုလည်း သမ္မတလက်ဆိုက ပြောသည်။
မကြာသေးမီ ဆယ်စုနှစ်များအတွင်း အီကွေဒေါသည် အကြီးမားဆုံး အကျပ်အတည်းကြီးတစ်ခုနှင့် ရင်ဆိုင်ခဲ့ရကြောင်းနှင့် အဆိုပါမူးယစ်ဂိုဏ်းများက နိုင်ငံ၏လမ်းမများကို လုံခြုံမှုကင်းမဲ့အောင် လုပ်ဆောင်နေသည်ဟုလည်း သူကပြောသည်။
နိုင်ငံ၏ အကျဉ်းထောင်များတွင် လူသတ်ပွဲများ မကြာခဏ ဖြစ်ပွားနေမှုကို အဆုံးသတ်ရန် သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ပူးပေါင်းညှိနှိုင်း လုပ်ဆောင်သွားမည်ဟုလည်း သူက ကတိပြုခဲ့သည်။
နေ့ဘက်တွင် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသည့်စစ်သားများသည် ဂွါယက်စ် -၁ အကျဉ်းထောင် အနီးတစ်ဝိုက်သို့ ရောက်ရှိလာသည်ဟု မြေပြင်တွင် သွားရောက်သတင်းရယူနေသည့် အေအက်ဖ်ပီ သတင်းထောက်များက ဆိုသည်။
ရဲတပ်ဖွဲ့နှင့် စစ်သား ၁,၀၀၀ ခန့်သည် အဆိုပါအကျဉ်းထောင်၏ အတွင်းအပြင် နှစ်နေရာလုံးကို ဝင်ရောက်ထိန်းချုပ်ရန် ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု သမ္မတလက်ဆိုက ပြောသည်။
ပူးတွဲကွပ်ကဲမှုဌာနချုပ် အကြီးအကဲ ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး ဂျော့ဂျ်ကာဘရီရာနှင့် အကျဉ်းဦးစီးဌာန အကြီးအကဲတို့၏ နုတ်ထွက်မှုကို လက်ခံခဲ့ပြီးနောက်တွင် ၎င်းကယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ပို့စ်များတွင် အကျဉ်းသားများ အချင်းချင်း ရိုက်နှက်နေပုံနှင့် သွေးအလိမ်းလိမ်း ဖြစ်နေသည့် ရုပ်အလောင်းများကို မီးရှို့နေသည့် မရှုမလှ ဖြစ်နေသောရုပ်ပုံများကို မြင်တွေ့ရပြီး အစိုးရကမူ အဆိုပါဖြစ်စဉ်သည် လူမဆန်လောက်အောင်ပင် ရိုင်းစိုင်းလွန်းသည်ဟု ရှုတ်ချခဲ့သည်။
“အီကွေဒါနိုင်ငံဟာ နိုင်ငံတကာ မူးယစ်ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရပါတယ်” ဟု သမ္မတ၏ပြောခွင့်ရ ကားလို့စ်ဂျီဂျွန်က ပြည်တွင်းရုပ်သံသို့ ပြောကြားခဲ့သည်။
ယခုနှစ်အတွင်း အိုမင်းဟောင်းနွမ်းပြီး လူပြည့်သိပ်နေသော အီကွေဒေါ အကျဉ်းထောင်များတွင် လက်တင်အမေရိက အကျဉ်းထောင်များ သမိုင်း၌ အဆိုးရွားဆုံး အဓိကရုဏ်းဖြစ်စဉ်အချို့ ဖြစ်ပွားခဲ့သည်။ ယခုနှစ်ထဲတွင် အကျဉ်းသား ၃၂၀ ကျော် သေဆုံးခဲ့ရပြီး စက်တင်ဘာလက လူအသေအပျောက်ပိုများခဲ့သည့် ထောင်တွင်းရန်ပွဲ ဖြစ်ပွားပြီးနောက် အီကွေဒေါအကျဉ်းထောင်များတွင် အရေးပေါ်အစီအမံများ ချမှတ်ခဲ့သည့်ကြား၌ပင် ယင်းကဲ့သို့ ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ် အဓိကရုဏ်းဖြစ်စဉ်များတွင် သေဆုံးခဲ့သူများသည် မီးရှို့ခံခဲ့ရပြီး ကိုယ်လက်အင်္ဂါများ ဖြတ်တောက်ထားသဖြင့် အများစု မည်သူမည်ဝါဆိုသည်ကို အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးပေ။














