ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက မိမိဥက္ကဋ္ဌသက်တမ်းအတွင်း ဇာဗီကို ဘာစီလိုနာနည်းပြအဖြစ် ကိုင်တွယ်စေလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဘာစီလိုနာနှင့် စပိန်လက်ရွေးစင် ကွင်းလယ်လူဟောင်း ဇာဗီအနေဖြင့် လစ်လပ်နေသည့် ဘာစီလိုနာအသင်း နည်းပြရာထူးအတွက် ရေပန်းအစားဆုံးဖြစ်နေစဉ် လာပေါ်တာက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
"သူ ကာတာကိုသွားတုန်းက ကျွန်တော်ပြော ခဲ့ဖူးပါတယ်။ ဇာဗီက ဘာကာနည်းပြဖြစ်လာလိမ့်မယ်ဆိုတာပါ။ ကျွန်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားစဉ်ကာလမှာ သူ့ကို ဘာကာ နည်းပြဖြစ်စေချင်ပါတယ်။ ဘယ်အချိန်ဖြစ်မလဲဆိုတာတော့ ကျွန်တော်မသိပါဘူး။ သူနဲ့ ကျွန်တော်တို့ကြားမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေးရှိတယ်ဆိုပြီး သတင်းတွေဖော်ပြနေတာက မှန်ပါတယ်။ အယ်လ်ဆတ်ပွဲတွေကို ကျွန်တော်မကြည့်ဖြစ်ပေမဲ့ ဘာကာရဲ့ပွဲတွေအကြောင်း ကျွန်တော်တို့ ဖုန်းနဲ့ပြောဖြစ်ပါတယ်။ ပွဲတော်တော်များများကိုလည်း ကျွန်တော်တို့ အတူတူကြည့်ဖူးပါတယ်။ ဒီထက် ပိုပြီးမပြောတော့ပါဘူး။ ဇာဗီအကြောင်း အားလုံးက ပြောနေကြသလို တခြားရွေးချယ်စရာတွေလည်း ရှိပါတယ်။ ဘာကာအတွက် တခြား ရွေးချယ်စရာတွေ ရှိပါတယ်" ဟု လာပေါ်တာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ဇာဗီ၏လက်ရှိကလပ်ဖြစ်သည့် ကာတာကလပ် အယ်လ်ဆတ်အသင်းကမူ ဇာဗီ၏စာချုပ်သက်တမ်းမှာ နှစ်နှစ်ကျန်ရှိနေသေးသလို ၎င်းအနေဖြင့် လာမည့်ပွဲစဉ်များအတွက် အာရုံအပြည့်စိုက်ထားကြောင်း တုံ့ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။
"မကြာသေးခင်က ဖြစ်ပေါ်နေတဲ့အကြောင်းတွေကို တုံ့ပြန်ရမယ်ဆိုရင် ဇာဗီအနေနဲ့ စာချုပ် နှစ်နှစ်ကျန်ရှိနေသေးတယ်ဆိုတာ အယ်လ်ဆတ်စီမံခန့်ခွဲမှုအဖွဲ့က ထပ်လောင်းအတည်ပြုပါတယ်။ သူ့အနေနဲ့ အသင်းရဲ့ လာမယ့် ပွဲစဉ်တွေအတွက်၊ အမှတ်ပေးပြိုင်ပွဲ ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ဖို့နဲ့ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အပြည့်အဝ အာရုံစိုက်ထားပါတယ်" ဟု အယ်လ်ဆတ်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စပိန်အပါအဝင် သတင်းဌာနများစွာ ကမူ မနေ့ကကစားခဲ့သငည့် ပွဲမှာ ဇာဗီအတွက် အယ်လ်ဆတ်နည်းပြဘဝ နောက်ဆုံးပွဲဖြစ်ကြောင်း ဖော်ပြလျက်ရှိပြီး လာမည့်တစ်ပတ် မတိုင်မီ နိုဝင်ဘာလဆန်းတွင် ဘာစီလိုနာ နည်းပြရာထူးကို လက်ခံရယူမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။















