လာလီဂါက ယခုရာသီအတွက် ဘာစီလိုနာအသင်း၏ အသုံးစရိတ်ကို ယူရို ၉၈ သန်းသာ ခွင့်ပြုထားသော်လည်း ယူရိုသန်း ၄၂၀ အထိရှိနေ

လာလီဂါက ယခုရာသီအတွက် ဘာစီလိုနာအသင်း၏ အသုံးစရိတ်ကို ယူရို ၉၈ သန်းသာ ခွင့်ပြုထားသော်လည်း ယူရိုသန်း ၄၂၀ အထိရှိနေ
Photo: AFP
Photo: AFP
Published 9 October 2021

 

လာလီဂါပြိုင်ပွဲက ယခုရာသီ အတွက် ဘာစီလိုနာအသင်း၏ အသုံးစရိတ်ကို ယူရို ၉၈ သန်းသာ ခွင့်ပြုထားသော်လည်း ယူရိုသန်း ၄၂၀ အထိရှိနေကြောင်း Goal အား ကစားသတင်းဌာနက ဖော်ပြခဲ့သည်။

လာလီဂါပြိုင်ပွဲသည် ၂၀၂၁-၂၀၂၂ ရာသီအတွက် ကလပ်အသင်းများ၏ အသုံးစရိတ်ခွင့်ပြုချက်ပမာ ဏကို ထုတ်ပြန်ခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းက ယူရိုသန်း ၇၄၀ နီးပါး ဖြင့် ကလပ်အသင်းအားလုံးအနက် အများဆုံး အသုံးပြုခွင့်ရရှိခဲ့သည်။ ဘာစီလိုနာအသင်းမှာမူ ယူရို ၉၈ သန်းသာ အသုံးပြုခွင့်ရမည်ဖြစ်ရာ ရီးယဲလ်အသင်းနှင့် ရှစ်ဆနီးပါး (ယူရို ၆၄၂ သန်း) အထိ ကွာဟနေခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းသည် ပြီး ခဲ့သည့် ၂၀၂၀-၂၀၂၁ ရာသီအတွက် ယူရို ၃၄၇ သန်း အသုံးပြုခွင့်ရရှိခဲ့သော်လည်း ယူရို ၄၈၁ သန်းအထိ အရှုံးပေါ်ခဲ့သောကြောင့် ယခုရာသီ အတွက် အသုံးစရိတ်ခွင့်ပြုမှုပမာဏ များစွာလျော့ကျသွားခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီက COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် တစ်ရာသီလုံးနီးပါး ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခဲ့ရသဖြင့် ကွင်းဝင်ကြေးအပါအဝင် ကဏ္ဍအသီးသီးမှ ဝင်ငွေရရှိမှုလျော့ကျခဲ့ပြီး အရှုံးပမာဏမှာ ခန့်မှန်းထားသည်ထက် ယူရို သန်း ၂၀၀ ခန့် ပိုများကြောင်း သိရသည်။

ထို့ကြောင့် ဘာစီလိုနာအသင်း အနေဖြင့် ယခုနွေရာသီကာလတွင် အသင်းခေါင်းဆောင် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်းမရှိဘဲ အလွတ်ထွက်ခွာခွင့်ပြုခဲ့ရသလို လစာမြင့်မားသည့် တိုက်စစ်မှူး ဂရီးဇ်မန်းကို အငှားစာချုပ်ဖြင့် ထွက်ခွာ ခွင့်ပြုခြင်း၊ စီနီယာကစားသမားများကို လစာလျှော့ချခြင်း ဆောင်ရွက် ခဲ့ရသည်။ သို့သော် Goal သတင်း ဌာန၏ ဖော်ပြမှုအရ ဘာစီလိုနာအသင်းအနေဖြင့် ယင်းကဲ့သို့ အသုံးစရိတ်လျှော့ချမှု ပြုလုပ်ထားသော်လည်း ကန့်သတ်ချက်ထက် များစွာ ကျော်လွန်နေဆဲဖြစ်ပြီး စီနီယာအသင်းအတွက် လစာအသုံးစရိတ်မှာ ယူရိုသန်း ၄၂၀ ဝန်းကျင်ရှိနေ ကြောင်း သိရသည်။ 

သို့ဖြစ်ရာ ဘာစီလိုနာအသင်း၏ အသုံးစရိတ်မှာ သတ်မှတ်ပမာဏထက် ယူရိုသန်း ၃၂၀ ကျော် ပိုများနေခြင်းဖြစ်ပြီးလာမည့်ရာသီများတွင် အခက်အခဲ ပိုမို ရင်ဆိုင်ရဖွယ်ရှိနေသည်။ ဘဏ္ဍာရေးအခက်အခဲကြောင့် ဆာဂျီရောဘတ်တို၊ ဒမ်ဘီလီစသည့် ယခုရာသီ ကုန်တွင် စာချုပ်ကုန်ဆုံးမည့် ကစားသမားများကို သက်တမ်းတိုးစာချုပ်သစ် မချုပ်ဆိုနိုင်သေးဘဲ အကယ်၍ သဘောတူညီမှုမရပါက ရာသီကုန်တွင် အလွတ်ထွက်ခွာခွင့်ပြုရဖွယ် ရှိသည်။ 

ထို့ပြင် လက်ရှိအချိန်တွင် ရလဒ်ဆိုးရွားမှုကြောင့် ဖိအားများနေသည့် နည်းပြ ရော်နယ်လ်ကိုးမန်း အား ထုတ်ပယ်ပါက လျော်ကြေး ယူရို ၁၃ သန်းဝန်းကျင် ပေးချေရဖွယ် ရှိကြောင်း သိရသည်။ ဘာစီလိုနာ အသင်းဒုဥက္ကဋ္ဌ ရိုမီအူက ရော်နယ်လ် ကိုးမန်းအား ထုတ်ပယ်ရန် ကြန့်ကြာနေခြင်းမှာ ငွေကြေးကြောင့်မဟုတ်ကြောင်း ပြောကြားထားသော်လည်း အသင်း၏ အသုံးစရိတ်အပေါ် သက်ရောက်မှုရှိလာနိုင်သဖြင့် ချိန်ဆနေရခြင်းဖြစ်ဖွယ်ရှိသည်။

ယခုရာသီ လာလီဂါပြိုင်ပွဲတွင် အသုံးစရိတ်ခွင့်ပြုမှု အများဆုံးအဖြစ် ရီးယဲလ်မက်ဒရစ်၊ ဆီဗီလာ၊ ချန်ပီယံ အက်သလက်တီကို၊ ဗီလာရီးယဲလ်၊ ဆိုစီဒက်နှင့် ဘီလ်ဘာအိုအသင်းတို့ က အစဉ်လိုက် ရပ်တည်လျက်ရှိပြီး ဘာစီလိုနာအသင်းမှာမူ အဆင့် ၇ နေရာအထိ ရောက်ရှိသွားပြီဖြစ်သည်။ 

ရီးယဲလ်အသင်းသည် ၂၀၂၀ -၂၀၂၁ ရာသီအတွက် ယူရိုသန်း ၄၇၀ အသုံးပြုခွင့်ရခဲ့ရာမှ ယခုရာသီ တွင် ယူရိုသန်း ၇၄၀ နီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။ ရီးယဲလ် အသင်းအနေဖြင့် ကစားသမား ရောင်းချမှုမှ ဝင်ငွေရရှိခြင်းအပါ အဝင် ယခင်ရာသီများတွင် ဘဏ္ဍာ ရေးစီမံခန့်ခွဲမှု ကောင်းစွာပြုလုပ်နိုင်ခဲ့သဖြင့် ကိုယ်ပိုင်အရန်ငွေကြေးကိုပါ ထပ်ပေါင်း၍ ယူရိုသန်း ၇၄၀ နီး ပါး အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent