တန်းခိုကြီး ဘုရားစေတီများ၊ ဘုရားပွဲတော်များ ပိတ်ထားမှုနှင့် ပြည်တွင်းရွှေစျေး မြင့်တက်မှုတို့ကြောင့် မန္တလေးမြို့ မျက်ပါးရပ်ရှိ ရိုးရာလက်မှုလက်ခတ်ရွှေဆိုင်းလုပ်ငန်း ထက်ဝက်ခန့် ရပ်နားထားရကြောင်း မျက် ပါးရပ်ရှိ ရွှေ ဆိုင်းလုပ်ငန်း လုပ်ကိုင်သူများက ပြောကြားသည်။
ပြည်တွင်း၌ ၂၀၂၀ ပြည့်နှစ် မတ်လ အတွင်းက COVID-19 ရောဂါပိုးရှိသူ တွေ့ရှိရပြီးနောက် ပိုးတွေ့လူနာများပြားလာသည့်အတွက် ရောဂါထိန်းချုပ်ကာကွယ်ရန် ဘုရားစေတီများ အတွင်း ဝင်ရောက် ဖူးမြော်ခွင့်ကို ယာယီပိတ်ထားခဲ့ရာ အချိန်ကာလကြာမြင့်ခဲ့ခြင်း၊ လက်ရှိတွင် ပြည်တွင်း ရွှေစျေးနှုန်း အဆမတန် မြင့်တက်လာခြင်းတို့ကြောင့် မျက်ပါးရပ်ရှိ လက်ခတ်ရွှေဆိုင်းလုပ်ငန်း ထက်ဝက်ခန့် ရပ်နားထားနေရကြောင်း မန္တလေးမြို့ မျက်ပါးရပ် ရှိ ရွှေ ဆိုင်းလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဇော်မင်းအောင်က ပြောကြားသည်။
“လက်ရှိ အခြေအနေက ရွှေစျေးတက် တော့ ရွှေဆိုင်းစျေးတွေ တက်သွားတာပေါ့။ အခက်အခဲကတော့ ကိုဗစ်ရောဂါကြောင့် လူအများသွားရာ ဘုရားစေတီ ပုထိုးတွေကလည်း ပိတ်ခဲ့တာ ကြာတော့ ဘုရားစေတီ ပုထိုးတွေရဲ့ လှူရေးတန်းရေး ရွှေသင်္ကန်း ကပ်တဲ့ ကိစ္စတွေမှာလည်း အားကိုးနေရ တာဆိုတော့လေ၊ လုပ်ငန်းရှင် ၂၀၀ ခန့်ရှိရာ ကလေ အခု ၁၀၀ တောင် မပြည့်တော့ဘူး၊ လုပ်ငန်း တစ်ဝက်နီးပါး ရပ်ဆိုင်းထားရတယ်၊ လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းပြန်လည် ရပ်တည်ဖို့ အရင်းအနှီးက ခက်ခဲသွားပြီ၊ ဒီ လုပ်ငန်းက ရိုးရာလက်မှုလုပ်ငန်းဖြစ်တယ်၊ ရိုးရာလက်မှုလုပ်ငန်းကို ထိန်းသိမ်းဖို့ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ တန်ခိုးကြီး ဘုရားတွေမှာ ရွှေသင်္ကန်းအများဆုံး အသုံးပြုတဲ့ စေတီ ပုထိုးတွေက ရိုးရာလက်ခတ်ရွှေဆိုင်းကို အား ပေးမှသာလျှင် ရေရှည်ရပ်တည်နိုင်မယ်၊ပြီး တော့ ဒီလုပ်ငန်းက လူအများကိုအလုပ်အကိုင် အခွင့်အလမ်း ဖန်းတီးပေးထားတဲ့ လုပ်ငန်း ဖြစ်တယ်၊ အခုဆို လုပ်သားတွေ လုပ်ငန်း ပြောင်းရွှေ့လုပ်ကိုင်နေရပြီ ”ဟု ၎င်း ကပြောကြားသည်။
မြန်မာရိုးရာ လက်မှုလုပ်ငန်းဖြစ်သည့် လက်ခတ် ရွှေဆိုင်း လုပ်ငန်းသည် နှစ်ပေါင်း ရာချီ ရှည်ကြာလာသည့် လုပ်ငန်း ဖြစ်သဖြင့် နိုင်ငံတော်အစိုးရမှ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ရပ် အနေဖြင့် သတ်မှတ်၍ ရေရည်တည်တံ့နိုင် ရေး ထိန်းသိမ်းပေးလျက်ရှိကြောင်းနှင့် ဆက် လက်၍လည်း စောင့်ရှောက်ကူညီပေးစေလို ကြောင်း၊လက်ခတ်ရွှေဆိုင်းလုပ်ငန်းကို ထိန်း သိမ်းရန်အတွက် မြန်မာနိုင်ငံအတွင်းရှိ ရွှေ သင်္ကန်း အများဆုံး အသုံးပြုသည့် တန်ခိုးကြီး ဘုရား၊စေတီ၊ပုထိုးများမှ ရိုးရာလက်မှု လက် ခတ် ရွှေဆိုင်းများကို အားပေးမှသာလျှင် ရေ ရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း သိရသည်။















