အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက တရားရုံးသို့ လာရောက်ထွက်ဆိုခဲ့

အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့်အမှုအတွက် တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက တရားရုံးသို့ လာရောက်ထွက်ဆိုခဲ့
Published 1 October 2021
အောင်မင်းသိန်း

အတိုင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများအား အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် စတင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေအဖြစ် NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဖြိုးမင်းသိန်းက တရားရုံးသို့ လာရောက်ထွက်ဆိုခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁ ရက်က နေပြည်တော် ကောင်စီဝန်းအတွင်းရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေများဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့်အမှုများကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

“အရပ်သားသက်သေဆိုပြီး ခေါ်ပါတယ်။ အဲဒီတော့ အရပ်သားသက်သေခေါ်တော့ ဘယ်သူရယ်လို့ အမှုတွဲဒိုင်ယာရီမှာ ခေါ်မထားဘူး။ ဒါပေမဲ့ ရောက်လာတဲ့အခါကျတော့ ဦးဖြိုးမင်းသိန်းဖြစ်နေတယ်။ အဲဒီတော့ ဦးဖြိုးမင်းသိန်းကတော့ အကုန်လုံးတွေ့ဖူးတဲ့ သတင်းစာရှင်းလင်းပွဲ ဗီဒီယိုဖိုင်ထဲကအတိုင်းပဲ ထွက်ဆိုသွားတယ်။ ဘယ်ကားနဲ့ ဘယ်လိုပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို ပထမတစ်ကြိမ်မှာ ဘယ်လို၊ ဒုတိယတစ်ကြိမ်မှာ ဘယ်လို၊ တတိယတစ်ကြိမ်မှာ ဘယ်လိုပေါ့။ နောက်ထူးခြားတာကတော့ မိုင်းဘုန်းဆရာတော်က ဒေါ်အောင်ဆန်းစုကြည်ကို ပေးဖို့ဆိုပြီးတော့ ကိုးလက်မရှိတဲ့ ရွှေဆင်းတုတစ်ဆူပေါ့။ အဲဒီဟာကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပေးလိုက်ရတယ်လို့ ပြောတယ်။ အဲဒီတော့ တိုင်တဲ့ထဲမှာတော့ မိုင်းဘုန်းဆရာတော်ရဲ့ ရွှေဆင်းတုမပါဘူး။ ဒီမှာလည်း ထည့်ပြောသွားတယ်။ အဲဒီတော့ သူ့လည်းပဲ ကျွန်တော်တို့က နောက်ရုံးချိန်းကျမှစစ်မယ်လို့ တောင်းဆိုတော့ နောက်ရုံးချိန်းမှာ တရားလိုနဲ့ ဦးဖြိုးမင်းသိန်းကို ပြန်လှန်စစ်မေးပါမယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဘက်မှ အမှုလိုက်ပါပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းမှ ရွှေနှင့်ဒေါ်လာများ လာဘ်ငွေအဖြစ် ပေးခဲ့ရသည်ဆိုသော စစ်ဆေးတွေ့ချက်များအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် အောက်တိုဘာ ၁ ရက်ရုံးချိန်းတွင် တရားလိုဖြစ်သူနှင့် အရပ်သားသက်သေအဖြစ် ဦးဖြိုးမင်းသိန်းတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့ ဦးခင်မောင်ဇော်က “ဒီနေ့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်ကစစ်မယ့် ဒေါ်အောင်ဆန်းစုကြည် အမှုလေးမှုပေါ့။ အဲဒီအမှုလေးမှုမှာ သုံးမှုကို စစ်ပါတယ်။ အဲဒီမှာအမှုက ရာဇဝတ်ကြီးအမှုအမှတ် (၂) ရယ်၊ (၃) ရယ်၊ (၄) ရယ်၊ (၅) ရယ်၊ အမှုလေးမှုပါ။ အဲဒီတော့ ရာဇဝတ်ကြီးအမှုအမှတ် (၂) က စိတ်ဝင်စားစရာ ကောင်းပါတယ်။ ၂/၂၀၂၁ က ဦးရဲထက်နှင့် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမှုပါ။ တရားလိုက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးက စစ်ဆေးရေးမှူး ဦးရဲထက်ပါ။ သူက တိုင်ထားတဲ့အမှုပါ။ အဲဒီအမှုက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေချောင်းတွေ၊ ဒေါ်လာတွေပေါ့။ အဲဒါတွေ ပေးတယ်။ စုစုပေါင်း အမေရိကန်ဒေါ်လာ ခြောက်သိန်းနဲ့ အကယ်ဒမီအခေါက် ရွှေခုနစ်ပိဿာကို သုံးကြိမ်ခွဲပြီး ပေးတယ်ဆိုတဲ့ အမှုပါ။ အဲဒီအမှုကို ပထမဆုံးစပြီး စစ်ပါတယ်” ဟု ပြောကြားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး စစ်ဆေးရေးမှူးက တရားလိုပြုလုပ်၍ တရားစွဲဆိုထားသည့်အမှုနှင့် ပတ်သက်သည့် အချက်အလက်များအား ရရှိထားသည်မှာ မကြာသေးဘဲ တရားလိုဖြစ်သူကလည်း အမှုအတွက် လမ်းညွှန်ချက် ပြည့်ပြည်စုံစုံ မပေးနိုင်သေးခြင်းကြောင့် စစ်ဆေးခြင်းမပြုလုပ်သေးရန် ရုံးတော်သို့ လျှောက်ထားခဲ့သော်လည်း ရုံးချိန်းအား ၁၅ ရက်ခန့်ခွာ ချိန်းထားခြင်းကြောင့် ပြန်ချိန်းရန်အတွက် အခက်အခဲရှိသည်ဆိုကာ အမှုကိုစစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

“ဦးရဲထက်ကို ပြန်လှန်စစ်မေးဖို့ကတော့ နောက်တစ်ချိန်းချိန်းလို့ရတယ်လို့ ပြောပြီးတော့ ဦးရဲထက် စစ်တယ်။ ဦးရဲထက်ကတော့ အမှုအကြောင်းအရာကို သူကဘာလို့စွဲတင်တယ်။ ဘယ်လို စွဲတင်တယ်ပေါ့။ အဲဒီအကြောင်းတွေ ထွက်သွားတာပေါ့။ ထွက်ပြီးတော့ ပြန်လှန်စစ်မေးဖို့ကျတော့ တရားရုံးက ဦးရဲထက်ကို နောက်အချိန်းမှ ပြန်လှန်စစ်မေးဖို့ဆိုပြီးတော့ နောက်အရပ်သားသက်သေဆိုပြီး ခေါ်ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

ရာဇဝတ်ကြီးအမှုအမှတ် (၃) သည် နေပြည်တော်တွင် လရောင်တောစိုက်ပျိုးသက်မွေးပညာ သင်တန်းကျောင်းအဖြစ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဆောင်ရွက်ရန်အတွက် မြေကွက် ၁၀၁ ဒသမ ၃၃ ဧကအား နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် (၂) ဦးမင်း သူတို့က ချပေးသည့်ကိစ္စကို အရေးယူပေးရန် တင်ပြထားခြင်းဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။

ထို့ပြင် ရာဇဝတ်ကြီးအမှုအမှတ် (၅) ဖြစ်သည့် လရောင်တောတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နေထိုင်ရန်အတွက် တစ်ထပ်အဆောက်အအုံအား ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ အများပြည်သူလှူဒါန်းငွေများမှ အသုံးပြုခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် အရေးယူရန် တင်ပြသည့် အမှုနှင့်ပတ်သက်၍ တရားလိုဖြစ်သူနှင့် အဆောက်အဦအား တာဝန်ယူတည်ဆောက်ပေးခဲ့သည့် ကန်ထရိုက်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးတို့ကို စစ်ဆေးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

ရာဇဝတ်ကြီးအမှုအမှတ် (၄) အဖြစ် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် မြေဧရိယာ ၂၃ ဒသမ ၈၅၅ ဧကကို လျှောက်ထားရယူသည့်ကိစ္စနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့အား တရားစွဲဆိုထားသည်အမှုနှင့် ပတ်သက်၍ စစ်ဆေးရန် အချိန်မရသည့်အတွက် အောက်တိုဘာ ၈ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဦးဖြိုးမင်းသိန်း ကိုယ်တိုင်လာရောက် ထွက်ဆိုခဲ့ပါသလားဆိုသည့် မေးမြန်းမှုကို တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “ဟုတ်ပါတယ်။ တော်တော်တော့ ပိန်ချုံးနေတယ်။ အဲဒီတော့ တရားသူကြီး မေးပါတယ်၊ ကျွန်တော်တို့က ဟိုဟာတောင်းတဲ့အခါကျတော့လေ။ နောက်တစ်ချိန်းမှ စစ်ဖို့တောင်းတော့ ဥပဒေအရာရှိက သက်သေရဲ့သဘောထားကို မေးပေးပါ။ အဲဒီလိုပြီးတော့မှ ရက်ချိန်းပေး မပေးဆုံးဖြတ်ပါ။ တရားသူကြီးက သူ့ကိုမေးတဲ့အခါကျတော့ သူကဘယ်လိုပြောလဲဆိုတော့ အစီအစဉ်က သူစီစဉ်ပြီးလာရတာ မဟုတ်ဘူးပေါ့။ သူကိုယ်တိုင်စီစဉ်လာရတာ မဟုတ်ဘူး။ နောက်ပြီး သူကကျန်းမာရေးလည်း မကောင်းဘူး။ ကိုဗစ်လည်း ဖြစ်နေတယ်၊ နှလုံးရောဂါလည်းရှိတယ် အစရှိသဖြင့် တော်တော်များများရှိတယ်လို့ ပြောတာပေါ့။ လူကတော့ ညှိုးငယ်နေတဲ့ပုံပါပဲ” ဟု ပြောကြားသည်။           

Most Read

Most Recent