စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာတွင် သီတင်းသုံးနေထိုင်သည့် သက်တော် ၇၄ နှစ်အရွယ်ရှိ ကျောင်းထိုင်ဆရာတော်တစ်ပါး သြဂုတ် ၁၈ ရက် ညပိုင်းက သေနတ်ပစ်ခတ်ခံရပြီး ပျံလွန်တော်မူသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဆရာတော်ကို သတ်ဖြတ်သွားသည့်အဖွဲ့မှာ မိုးကြိုးမုန်တိုင်းအဖွဲ့မှ လာရောက်သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းများ ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။
“ဖြစ်စဉ်အသေးစိတ်ကတော့ ကျွန်တော်တို့လည်းမသိဘူး။ အသတ်ခံရတာတော့ဟုတ်တယ်။ မနေ့(သြဂုတ် ၁၈ ရက်) ညပိုင်းက မိုးကြိုးမုန်တိုင်းအဖွဲ့ကနေ သတ်သွားတယ်ဆိုပြီး ပြောနေကြတာပဲ။ လောင်းပြည့်ကျေးရွာမှာ သီတင်းသုံးနေထိုင်နေတဲ့ ဆရာတော်လို့ပြောနေကြတယ်” ဟု မင်းကင်းဒေသခံတစ်ဦးက ပြောကြားသည်။
ယင်းဆရာတော်သည် တပ်မတော်စစ်ကြောင်း အဆိုပါကျေးရွာသို့ ရောက်ရှိချိန်တွင် ၎င်း၏ကျောင်း၌ ခေတ္တတည်းခိုခွင့်ပေးမှုရှိခဲ့ပြီး ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်ခြင်းခံရသည်ဟုလည်း ဒေသတွင်းသတင်းများ ထွက်ပေါ်နေသည်။
စစ်ကိုင်းတိုင်ဒေသကြီး မင်းကင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ တန့်ဆည်၊ ရေဦး၊ မြောင်၊ ခင်ဦး၊ မုံရွာစသည့်မြို့နယ်များတွင် ဒလန်ဟုနာမည်ထွက်လာသူအချို့ အသတ်ခံရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်နေသည်။
လောင်းပြည့်ကျေးရွာတွင် ဆရာတော်အသတ်ခံရသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဩဂုတ် ၁၈ ရက် ည ၈ နာရီခွဲအချိန်တွင် မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာရှိ ကောဝိသရာမ ဘုန်းတော်ကြီးကျောင်းသို့ ဦးဂေါ်ရာ(ခ)ဦးအောင်(စိစစ်ဆဲ)ဦးဆောင်သည့် PDF လက်နက်ကိုင်အဖွဲ့ အင်အား ၃၀ ဦးခန့်သည် လက်နက်များကိုင်ဆောင်ကာ ရောက်ရှိလာပြီး ကျောင်းထိုင်ဆရာတော် ဥူးကောဝံသ(၇၄)နှစ်၊ ဝါတော်(၅၄)ဝါအား ဒလန်ဟုစွပ်စွဲကာ တူမီးသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ဥူးကောဝံသတွင် သေနတ်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ထိုသို့ ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။















