အာဖဂန်စစ်ပွဲ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း တာလီဘန်တို့ ကြေညာ

အာဖဂန်စစ်ပွဲ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း တာလီဘန်တို့ ကြေညာ
သြဂုတ်လ ၁၅ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်ရှိ သမ္မတနန်းတော်တွင် တာလီဘန် လက်နက်ကိုင်များအား တွေ့ရစဉ် (Photo: AP)
သြဂုတ်လ ၁၅ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်ရှိ သမ္မတနန်းတော်တွင် တာလီဘန် လက်နက်ကိုင်များအား တွေ့ရစဉ် (Photo: AP)
Published 16 August 2021
Ref: Reuters

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်တွင် အမေရိကန် ဦးဆောင်သည့် နိုင်ငံတကာတပ်ဖွဲ့များ ရုပ်သိမ်းနေပြီး အနောက်နိုင်ငံများကလည်း ၎င်းတို့၏ နိုင်ငံသားများကို ဘေးကင်းရာ ရွှေ့ပြောင်းနေချိန်တွင် တာလီဘန်တို့သည် မြို့တော်အတွင်းရှိ သမ္မတနန်းတော်ကို ထိန်းချုပ်ခဲ့ပြီးနောက် အာဖဂန်စစ်ပွဲ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သြဂုတ်လ ၁၆ ရက်က ကြေညာခဲ့သည်။

သြဂုတ်လ ၁၅ ရက်က တာလီဘန်တို့သည် ကဘူးမြို့တော်အတွင်းသို့ ဝင်ရောက်ခဲ့ချိန်တွင် သမ္မတ အာရှရက်ဖ် ဂါနီသည် သွေးထွက်သံယိုမှုများကို ရှောင်လွှဲလိုကြောင်း ပြောကြားခဲ့ပြီး နိုင်ငံအတွင်းမှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကာ ရာနှင့်ချီသည့် အာဖဂန်နိုင်ငံသားများသည်လည်း နိုင်ငံအတွင်းမှ ထွက်ခွာရန် ကဘူးလေဆိပ်တွင် စုပြုံရောက်ရှိနေကြသည်။

“ဒီနေ့ကတော့ အာဖဂန်ပြည်သူတွေနဲ့ မူဂျာဟီဒင်အတွက် ကြီးကျယ်ခမ်းနားတဲ့နေ့ ဖြစ်ပါတယ်။ သူတို့တွေဟာ နှစ်ပေါင်း ၂၀ ကြာ စွန့်လွှတ်ပေးဆပ်မှုတွေနဲ့ အားထုတ်ကြိုးပမ်းမှုတွေရဲ့ အသီးအပွင့်တွေကို မျက်မြင်တွေ့ခဲ့ရပါပြီ”ဟု တာလီဘန်အဖွဲ့၏ နိုင်ငံရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် နာအမ်က အယ်ဂျာဇီးယား ရုပ်သံအား ပြောကြားခဲ့သည်။

“ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် နိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲ အဆုံးသတ်သွားပါပြီ”ဟု ၎င်းက ပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်တွင် အသစ်ဖွဲ့စည်းမည့် အစိုးရသစ်၏ ပုံစံနှင့် ဖွဲ့စည်းပုံကို မကြာမီအချိန်အတွင်း ရှင်းလင်းစွာ ထုတ်ပြန်သွားမည်ဖြစ်ပြီး တာလီဘန်တို့အနေဖြင့် သီးခြား ရပ်တည်လိုခြင်းမရှိဘဲ ငြိမ်းချမ်းသည့် နိုင်ငံတကာ ဆက်ဆံရေးများကို တောင်းဆိုကြောင်း နာအမ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ကြိုးပမ်းခဲ့တဲ့  ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ လွတ်လပ်မှုကို ရရှိခဲ့ပါပြီ။ ဘယ်သူ့ကိုဖြစ်ဖြစ် ပစ်မှတ်ထားဖို့ ကျွန်တော်တို့နိုင်ငံကို အသုံးပြုခွင့်ကို ဘယ်သူ့ကိုမှ ခွင့်ပြုမှာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ဟာ အခြားသူတွေကို ထိခိုက်နစ်နာစေဖို့ မလိုလားပါဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

၀ါရှင်တန်တွင်မူ အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲကို အဆုံးသတ်သည့် သမ္မတ ဂျိုးဘိုင်ဒင်၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကြသူများက အာဖဂန်တွင် ဖြစ်ပွားနေသည့် ပရမ်းပတာ အခြေအနေသည် ခေါင်းဆောင်မှု ကျရှုံးခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကဘူးမြို့တွင် အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ ဒေါ်လာဘီလျံချီ သုံးစွဲကာ နှစ်ပေါင်းများစွာကြာ လေ့ကျင့်ပေးခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များ ပျောက်ကွယ်သွားချိန်တွင် အမေရိကန် သံတမန်များသည် ၀ါဇီယာ အက်ခ်ဘာခန်းခရိုင်ရှိ ၎င်းတို့၏ သံရုံးမှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာသွားခဲ့ပြီး လေဆိပ်သို့ သွားရောက်ခဲ့ကြသည်။

အမေရိကန်သံအမတ် ရို့စ်ဝီလ်ဆင် အပါအဝင် သံရုံးဝန်ထမ်း အားလုံးနီးပါးသည်  လေဆိပ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က သြဂုတ်လ ၁၆ ရက် အစောပိုင်းတွင် ပြောကြာခဲ့ပြီး သံရုံးဝန်းထဲတွင် လွှင့်ထူထားသည့် အမေရိကန်အလံကို  ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

Most Read

Most Recent