အီရန်နျူကလီးယားစခန်းများ ပျက်စီးသွား၍ ယူရေနီယံများကို ဖယ်ရှားရန် ခက်ခဲလိမ့်မည်ဟု ထရန့်ဆို

အီရန်နျူကလီးယားစခန်းများ ပျက်စီးသွား၍ ယူရေနီယံများကို ဖယ်ရှားရန် ခက်ခဲလိမ့်မည်ဟု ထရန့်ဆို
Published 21 April 2026

အီရန်နိုင်ငံမှ သန့်စင်ပြီးသား ယူရေနီယံများကို ဖယ်ရှားရှင်းလင်းရေးနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရန့်က ၎င်း၏ Truth Social လူမှုကွန်ရက်စာမျက်နှာတွင် မကြာသေးမီက ပို့စ်တင်ရေးသားခဲ့သည်။

“Operation Midnight Hammer စစ်ဆင်ရေးဟာ အီရန်နိုင်ငံထဲက နျူကလီးယား အခြေစိုက်စခန်းတွေကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့တာပါ။ ဒါ့ကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကြားထဲကနေ ယူရေနီယံတွေကို ပြန်တူးထုတ်ဖို့ဆိုတာ အချိန်အကြာကြီးယူရလိမ့်မယ်။ ခက်လည်း ခက်ခဲလိမ့်မယ်" ဟု ထရန့်က ရေးသားထားခြင်းဖြစ်သည်။

Operation Midnight Hammer ဆိုသည်မှာ ၂၀၂၅ ခုနှစ် ၊ ဇွန်လအတွင်း အမေရိကန်စစ်လေယာဉ် အစီးပေါင်း ၁၂၅ စင်းအသုံးပြုပြီး အီရန်၏နာမည်ကျော် နျူကလီးယားစခန်းများဖြစ်သည့် Fordo ၊ Natanz နှင့် Isfahan တို့ကို ပစ်မှတ်ထားချေမှုန်းခဲ့သည့် စစ်ဆင်ရေး၏ လျှို့ဝှက်အမည်ဖြစ်သည်။

ထို့ပြင်ထရန့်က "သတင်းတုတွေ ထုတ်လွှင့်နေတဲ့ CNN နဲ့ တခြား အကျင့်ပျက်မီဒီယာတွေဟာ အမေရိကန်ရဲ့တော်ဝင်လေသူရဲတွေကို ထိုက်တန်တဲ့ အသိအမှတ်ပြုမှုမျိုး ဘယ်တော့မှ မပေးကြဘူး။ အမြဲတမ်း နှိမ့်ချစော်ကားဖို့ပဲ ကြိုးစားနေကြတဲ့ အသုံးမကျတဲ့ဟာတွေ" ဟုလည်း ရှုတ်ချရေးသားခဲ့သည်။

အီရန်နှင့်အမေရိကန် နှစ်နိုင်ငံချုပ်ဆိုထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ဧပြီ ၂၂ ရက်တွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ပြီး သက်တမ်းထပ်မံတိုးရန် မဖြစ်နိုင်သလောက်ဟု ထရန့်ကဆိုသည်။

Ref: BBC

Most Read

Most Recent