ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်တက်ရောက်လာသည့် လေးသင်းအနက် ရေပန်းအစားဆုံး အင်္ဂလန်တစ်သင်းတည်းသာ ချန်ပီယံဆုမရဖူးခြင်းဖြစ်

ယူရို-၂၀၂၀ ဆီမီးဖိုင်နယ်တက်ရောက်လာသည့် လေးသင်းအနက် ရေပန်းအစားဆုံး အင်္ဂလန်တစ်သင်းတည်းသာ ချန်ပီယံဆုမရဖူးခြင်းဖြစ်
Photo: AFP
Photo: AFP
Published 4 July 2021

 

ယူရို-၂၀၂၀ ပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရသည့် လေး သင်းစလုံး ထွက်ပေါ်လာပြီဖြစ်ပြီး ၎င်းတို့အနက် ရေပန်းအစားဆုံး အင်္ဂလန်တစ်သင်းတည်းသာ ချန်ပီယံဆုမရဖူးသေးကြောင်း သိရသည်။

ကွာတားဖိုင်နယ် နောက်ဆုံး ပွဲစဉ်အဖြစ် စနေနေ့ ညပိုင်းက အင်္ဂလန်နှင့် ယူကရိန်းအသင်းတို့ အီတလီနိုင်ငံ ရောမမြို့၌ ယှဉ်ပြိုင်ကစားရာ အင်္ဂလန်အသင်းက လေးဂိုးပြတ် အနိုင်ရခဲ့သည်။ အင်္ဂလန်အသင်းသည် ပွဲအစ လေးမိနစ်မှာပင် ဟာရီကိန်းသွင်းယူသည့်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစ ၄၆ မိနစ် တွင် လုခ်ရှောကန်တင်ပေးသည့် ပြစ်ဒဏ်ဘောမှတစ်ဆင့် မက်ဂွိုင်းရားက ခေါင်းတိုက်၍ ဒုတိယဂိုး၊ မိနစ် ၅၀ တွင် လုခ်ရှော၏ဖြတ်တင်ဘောမှတစ်ဆင့် ဟာရီကိန်းက ခေါင်းတိုက်၍ တတိယဂိုးနှင့် ၆၃ မိနစ်တွင် မေဆန်မောင့် ကန်တင်ပေးသည့် ထောင့်ကန်ဘောမှတစ်ဆင့် လူစားဝင်ကစားသမား ဟန်ဒါဆန်က ခေါင်းတိုက်၍ စတုတ္ထဂိုးသွင်းယူခဲ့သည်။

အင်္ဂလန်အသင်းသည် ယင်းပွဲ အနိုင်ရလဒ်ကြောင့် ယူရိုပြိုင်ပွဲ ဆီမီး ဖိုင်နယ်သို့ ၁၉၉၆ နောက်ပိုင်း တစ် ကျော့ပြန် တက်ရောက်ခွင့်ရပြီး စုစု ပေါင်း သုံးကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်သည်။ အင်္ဂလန်အသင်း အနေဖြင့် ဆီမီးဖိုင်နယ်သို့ရောက်ရှိရာတွင် အုပ်စုသုံးပွဲ၊ ၁၆ သင်းအဆင့် နှင့် ကွာတားဖိုင်နယ်၊ စုစုပေါင်းငါးပွဲ ပေးဂိုးမရှိသေးသလို ယူရိုပြိုင်ပွဲမတိုင် မီ ခြေစမ်းပွဲနှစ်ပွဲတွင်လည်း ပေးဂိုး မရှိခဲ့သဖြင့် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ခုနစ်ပွဲ ဆက် ပေးဂိုးမရှိ (Clean Sheet) မှတ်တမ်းပိုင်ဆိုင်ခွင့်ရခဲ့သည်။ 

ယင်း ခုနစ်ပွဲအပါအဝင် အင်္ဂလန်အသင်း ဂိုးမပေးရသည့် အချိန်စုစုပေါင်းမှာ ၆၆၂ မိနစ်အထိ ရှိလာပြီဖြစ်သည်။ ထို့ပြင် အင်္ဂလန်အသင်းအနေဖြင့် ယူရိုပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအတွင်း ခေါင်းတိုက်ဂိုး သုံးဂိုးသွင်းယူနိုင်သည့် ပထမဆုံးအသင်းဖြစ်လာသလို နည်းပြ ဆောက်ဂိတ်မှာလည်း အင်္ဂလန်အသင်းနည်းပြများအနက် ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲနှစ်ခုစလုံး ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်သည့် ဒုတိယမြောက် နည်းပြအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

အင်္ဂလန်အသင်းသည် ယူကရိန်းအသင်းကိုကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သောကြောင့် ဗိုလ်စွဲရန် ရေပန်းအစားဆုံးစာရင်းတွင် အီတလီအသင်းကိုကျော်ကာ အဆင့် ၁ နေရာ ပြန်လည်ရောက်ရှိလာခဲ့သည်။ နာမည်ကြီး လောင်း ကစားဒိုင်များ၏ လောင်းကြေးဖွင့်မှုအရ အင်္ဂလန်အသင်းက အလေးပေး မှု ၆/၄ ဖြင့် ရေပန်းအစားဆုံးဖြစ်နေပြီး အီတလီအသင်းက ၉/၄ ဖြင့် ဒုတိယ၊ စပိန်အသင်းက ၁၁/၄ ဖြင့် တတိယနှင့် ဒိန်းမတ်အသင်းက ၉/၁ ဖြင့် စတုတ္ထနေရာ ရပ်တည်နေသည်။ 

အင်္ဂလန်အသင်းသည် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသော်လည်း ဆီမီးဖိုင်နယ်ရောက်လေးသင်းအနက် ချန်ပီယံဆုမရဖူးသည့် တစ်သင်းတည်းသောအသင်းဖြစ်ရာ ၎င်းတို့ အနိုင်ရဗိုလ်စွဲပါက ချန်ပီယံသစ်ထွက်ပေါ်မည်ဖြစ်သည်။ အင်္ဂလန် အသင်းသည် ယူရိုပြိုင်ပွဲ၌ ၁၉၆၈ ပြိုင်ပွဲတစ်ကြိမ်သာ တတိယဆုရရှိဖူးပြီး ဆီမီးဖိုင်နယ်အဆင့်သို့လည်း ယခုတစ်ကြိမ်အပါအဝင် သုံးကြိမ်သာ တက်ရောက်ထားသည်။

ကျန်အသင်းများအနက် စပိန် အသင်းက ချန်ပီယံဆု သုံးကြိမ် (၁၉၆၄၊ ၂၀၀၈၊ ၂၀၁၂)၊ ဒုတိယ တစ်ကြိမ် (၁၉၈၄) ဖြင့် အအောင် မြင်ဆုံးဖြစ်ပြီး အီတလီအသင်းက ချန်ပီယံဆု တစ်ကြိမ်(၁၉၆၈)၊ ဒုတိယ နှစ်ကြိမ် (၂၀၀၀၊ ၂၀၁၂)၊ ဒိန်းမတ် အသင်းက ချန်ပီယံဆု တစ်ကြိမ် (၁၉၉၂) ရရှိထားသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၆၊ ၇ ရက် တွင် ကျင်းပသွားမည်ဖြစ်သည်။



 

Most Read

Most Recent