ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ရုရှားနှင့်ပွဲတွင် မျက်လုံး၌ ဒဏ်ရာရရှိခဲ့သော နောက်ခံလူ ကက်စတာညာသည် ယူရို-၂၀၂၀ ပြိုင်ပွဲတစ်ခုလုံးနှင့် လွဲချော် ရပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
ကက်စတာညာသည် ရုရှားကွင်းလယ်ကစားသမား ကူဇယက်ဗ်နှင့် ဘောလုံးယှဉ်လုရာမှ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့်အတွက် ပွဲချိန်(၂၇)မိနစ်မှာပင် လူစားလဲခံခဲ့ရသည်။
ထို့နောက် ဆေးရုံသို့သွားရောက်ကာ ကုသမှုခံယူခဲ့ရပြီး စမ်းသပ်စစ်ဆေးမှုများအရ မျက်ခွံရိုးနှစ်ချောင်း အက်သွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကက်စတာညာအနေဖြင့် ရက်အတန်ကြာအနားယူရတော့မည်ဖြစ်ရာ ယူရို- ၂၀၂၀ ပြိုင်ပွဲ ပြီးဆုံးသည်အထိ ပြန်ကစားနိုင်တော့မည်မဟုတ်ကြောင်း မာတီနက်ဇ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
မာတီနက်ဇ်က ''တကယ့်သတင်းဆိုးပါပဲ။ ကက်စတာညာကို ဒီပြိုင်ပွဲမှာ ထပ်ပြီးမြင်တွေ့ရတော့မှာမဟုတ်တာ ဝမ်းနည်းစရာကောင်းပါတယ်။ သူ့မျက်နှာမှာ အရိုးနှစ်ချောင်း အက်သွားခဲ့ပြီး ကုသမှုခံယူဖို့ လိုအပ်နေပါတယ်''ဟု ပြောကြားခဲ့သည်။
လက်စတာနောက်ခံလူ ကက်စတာညာ(၂၅ နှစ်)သည် အဓိကပြိုင်ပွဲတစ်ရပ်ကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်သော်လည်း ပထမဆုံးပွဲစဉ်၌ မိနစ်အနည်းငယ်သာ ကစားခွင့်ရပြီး ဆိုးရွားသည့်ဒဏ်ရာပြဿနာနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

ယင်းပွဲတွင် ဘယ်လ်ဂျီယံအသင်း၏ဝါရင့်နောက်ခံလူ ဗာတွန်ဂန်မှာလည်း ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၎င်းနှင့်ပတ်သက်၍မူ နည်းပြ မာတီနက်ဇ်က ''ဗာတွန်ဂန်ရဲ့ဒဏ်ရာကတော့ ဘောလုံးပွဲတွေမှာ ဖြစ်လေ့ရှိတဲ့ ပုံမှန်ဒဏ်ရာမျိုးပါပဲ။ ဒါကြောင့် သူ့ကို (၄၈)နာရီ စောင့်ကြည့်သွားရမှာဖြစ်ပြီး ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။















