■ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် အီတလီအသင်းလူစာရင်းကို (၃၃)ဦးမှ (၂၈)ဦးသို့ နည်းပြ မန်စီနီ လျှော့ချခဲ့ပြီး အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်း ချန်လှပ်ခံခဲ့ရ

■ ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် အီတလီအသင်းလူစာရင်းကို (၃၃)ဦးမှ (၂၈)ဦးသို့ နည်းပြ မန်စီနီ လျှော့ချခဲ့ပြီး အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်း ချန်လှပ်ခံခဲ့ရ
Photos: Roberto Mancini Twitter
Photos: Roberto Mancini Twitter
Published 31 May 2021

အီတလီလက်ရွေးစင်အသင်းနည်းပြ မန်စီနီသည် ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် အီတလီလက်ရွေးစင်အသင်း၏ ကစားသမား (၃၃)ဦးစာရင်းကို (၂၈)ဦးသို့လျှော့ချခဲ့ရ ပြီးခဲ့သည့်ရာသီက PSG  အသင်းတွင် အငှားသွားရောက်ကစားခဲ့သည့် အဲဗာတန်တိုက်စစ်မှူး မွိုက်စ်ကိန်း ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။

မန်စီနီသည် ပြီးခဲ့သည့်မေလ (၁၈)ရက်နေ့က ယူရို -၂၀၂၀ ပြိုင်ပွဲဝင်မည့် အီတလီလက်ရွေးစင်အသင်း၏ ပဏာမကစားသမား (၃၃)ဦးစာရင်းကိုထုတ်ပြန်ခဲ့ပြီး မေ (၂၈)ရက်နေ့က ယှဉ်ပြိုင်ခဲ့သော အီတလီ (၇-၀) ဆန်မာရီနိုခြေစမ်းပွဲစဉ်အပြီးတွင် (၂၈)ဦးစာရင်းကို လျှော့ချထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

ယင်းကဲ့သို့လျှော့ချခဲ့သည့် ကစားသမားများထဲတွင် မွိုက်စ်ကိန်းပါဝင်ခဲ့ခြင်းဖြစ်ပြီး မန်စီနီအနေဖြင့် ဒဏ်ရာပြဿနာများရှိနေသော အင်တာမီလန်ကွင်းလယ်လူ ဆန်ဆီနှင့် PSG ကွင်းလယ်လူ ဗာရက်တီတို့ကိုမူ အသင်းလူစာရင်း၌ ဆက်လက်ရွေးချယ်ခဲ့သည်။ 

မန်စီနီသည် ပမာဏ (၃၃)ဦးစာရင်းမှ မွိုက်စ်ကိန်းအပါအဝင် ကာဂလီယာရီဂိုးသမား ကရာနို၊ လာဇီယိုနောက်ခံလူ လာဇာရီ၊ ဖီအိုရင်တီးနားနောက်ခံလူ ဘီရာဂီနှင့် ကွင်းလယ်လူ ကက်သရိုဗီလီ၊ ဆာဆူအိုလိုတိုက်စစ်မှူး ရက်စပါဒိုရီနှင့် ဖရိုင်းဘတ်တိုက်စစ်မှူး ဂရီဖိုတို့ (၇)ဦးကို လျှော့ချခဲ့ခြင်းဖြစ်ပြီး ယင်းစာရင်းမှ လက်ကျန် (၂၆)ဦးနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့သော ချယ်လ်ဆီးအသင်းမှ ကွင်းလယ်လူ ဂျော်ဂျင်ဟိုနှင့် နောက်ခံလူ အီမာဆန်တို့ကို ပေါင်းထည့်ကာ (၂၈)ဦးစာရင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီ။ မန်စီနီအနေဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မည့် အပြီးသတ်ကစားသမား (၂၆)ဦးစာရင်းကို ဇွန်လ (၃)ရက်နေ့ (အင်္ဂါနေ့)ညပိုင်းတွင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အသက် (၂၁)နှစ်အရွယ်ရှိ တိုက်စစ်မှူး မွိုက်စ်ကိန်းသည် ပြီးခဲ့သည့် ၂၀၂၀-၂၁ ရာသီက PSGအသင်းသို့ အငှားသွားရောက်ကစားရာတွင် ပြိုင်ပွဲစုံ (၄၁)ပွဲကစားကာ (၁၇)ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့သော်လည်း ယူရိုပြိုင်ပွဲဝင်မည့် အီတလီလက်ရွေးစင်လူစာရင်းမှ ချန်လှပ် ခံခဲ့ရခြင်းဖြစ်သည်။ 

ယခု (၂၈)ဦးစာရင်းတွင် ရွေးချယ်ခံခဲ့ရသည့် ချယ်လ်ဆီးအသင်းမှ ဂျော်ဂျင်ဟိုနှင့် အီမာဆန်တို့မှာ ဇွန်လ (၂)ရက်နေ့မတိုင်မီ အီတလီအသင်းနှင့် ပူးပေါင်းမည်ဖြစ်ကြောင်းလည်း သိရသည်။ 

မွိုက်စ်ကိန်းသည် ဆန်မာရီနိုအသင်းအား (၇)ဂိုးပြတ်အနိုင်ရရှိခဲ့သော ခြေ စမ်းပွဲတွင် အီတလီအသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိ ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းအပြီး တွင် နာပိုလီတိုက်စစ်မှူး ပိုလီတာနိုနှင့် လူစားလဲခံခဲ့ရသည်။  

အီတလီအသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲမတိုင်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် လာမည့်ဇွန်လ (၄)ရက်နေ့တွင် ချက်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းနောက် ဇွန် (၁၁)ရက်နေ့တွင် တူရကီ၊ ဇွန် (၁၆)ရက်နေ့တွင် ဆွစ် ဇာလန်၊ ဇွန် (၂၀)ရက်နေ့တွင် ဝေးလ်စ်အသင်းတို့နှင့် ယူရို -၂၀၂၀ အုပ်စု (A)၏ အုပ်စုပွဲစဉ်များကို ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent