မန်ချက်စတာယူနိုက်တက်မှာ ယူရိုပါလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းဖြစ်ကြောင်း ပီအိုလီ ပြောကြား

မန်ချက်စတာယူနိုက်တက်မှာ ယူရိုပါလိဂ်တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းဖြစ်ကြောင်း ပီအိုလီ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 26 February 2021

အေစီမီလန်အသင်းနည်းပြ ပီအိုလီက မန်ချက်စတာယူနိုက်တက်အသင်းမှာ ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် ယူရိုပါလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် မဲခွဲပွဲတွင် မန်ယူအသင်းနှင့် တွေ့ဆုံနေပြီး ယင်းမှာ (၁၁)နှစ်အတွင်း ၎င်းတို့နှစ်သင်း ပထမဦးဆုံးအကြိမ် ဥရောပပြိုင်ပွဲတွင် ပြန်လည်တွေ့ဆုံခြင်းဖြစ်ကြောင်းလည်း သိရသည်။

အေစီမီလန်အသင်းနည်းပြ ပီအိုလီက မန်ယူအသင်းနှင့် တွေ့ဆုံရခြင်းမှာ ၎င်းတို့နှစ်သင်း၏ အောင်မြင်ခဲ့သည့် သမိုင်းကြောင်းကို ပြန်လည်အမှတ်ရစေသည်ဟုလည်း ပြောကြားခဲ့သည်။

ပီအိုလီက "မန်ယူအသင်းနဲ့ ကစားမယ့်ပွဲတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေကို လှုံ့ဆော်ပေးနိုင်မယ့်၊ စိတ်ခွန်အားတိုးတက်စေမယ့် ပွဲတွေဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းဖြစ်ပြီး သူတို့ကို ကျွန်တော်တို့အနေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ သမိုင်းကြောင်းအစဉ်အလာကြီးမားတာကြောင့် သူတို့နဲ့တွေ့ဆုံမှုက ကျွန်တော်တို့နှစ်သင်းစလုံးရဲ့ သမိုင်းကြောင်းအောင်မြင်မှုတွေကို ပြန်လည်အမှတ်ရစေမယ့်ပွဲလည်း ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းနှင့် အေစီမီလန်အသင်းတို့၏ ယူရိုပါလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို မတ်လ (၁၁)ရက်တွင် မန်ယူအသင်း၏အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ ကစားမည်ဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်ကို မတ်လ (၁၈)ရက်တွင် အေစီမီလန်အသင်း၏အိမ်ကွင်း ဆန်စီရို၌ ကစားမည်ဖြစ်သည်။

Most Read

Most Recent