အတ္တလန်တာတိုက်စစ်မှူး မူရီယဲလ်က မိမိအနေဖြင့် အသင်းနိုင်ပွဲ ရရှိရန် အမြဲတမ်းကြိုးစားနေကြောင်း ပြောကြားခဲ့သည်။
အသက် (၂၉)နှစ်အရွယ်ရှိ ကိုလံဘီယာတိုက်စစ်မှူး မူရီယဲလ်သည် ယခုရာသီအစပိုင်းတွင် အရန်ကစားသမားအဖြစ်သာ ပါဝင်ခွင့်ရခဲ့သော်လည်း လက်ရှိတွင် ပုံမှန်ပွဲထွက်ခွင့် ရရှိနေသူဖြစ်သည်။
သို့သော် မူရီယဲလ်က မိမိအနေဖြင့် ပွဲထွက်ကစားခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အသင်းကိုကူညီနိုင်ရန် အမြဲကြိုးစားနေကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"အသင်းအတွက် ကစားခွင့်ရတဲ့အချိန်တိုင်း အာရုံစူးစိုက်မှုအပြည့်နဲ့ အကောင်းဆုံးပေးဆပ်နိုင်ဖို့ ကျွန်တော် ကြိုးစားလေ့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရတဲ့အခါပဲဖြစ်ဖြစ်၊ လူစားဝင်ကစားခွင့်ရတဲ့အခါပဲဖြစ်ဖြစ် အဲဒီအတိုင်း ကြိုးစားခဲ့တာချည်းပါပဲ။ အသင်းနိုင်ပွဲရဖို့အတွက် ကျွန်တော် အမြဲတမ်းကြိုးစားနေပါတယ်"ဟု မူရီယဲလ်က ပြောကြားခဲ့သည်။
မူရီယဲလ်သည် ယခုရာသီတွင် အတ္တလန်တာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၃၀)တွင် (၁၇)ဂိုး သွင်းယူပေးထားသည်။















