ပထမဆုံးယှဉ်ပြိုင်ခွင့်ရသည့် ဂရင်းစလင်းဗိုလ်လုပွဲလေးပွဲစလုံး အနိုင်ရသည့် တတိယမြောက် ကစားသမားအဖြစ် ဂျပန်တင်းနစ်မယ် အိုဆာကာ မှတ်တမ်းဝင်

ပထမဆုံးယှဉ်ပြိုင်ခွင့်ရသည့် ဂရင်းစလင်းဗိုလ်လုပွဲလေးပွဲစလုံး အနိုင်ရသည့် တတိယမြောက် ကစားသမားအဖြစ် ဂျပန်တင်းနစ်မယ် အိုဆာကာ မှတ်တမ်းဝင်
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 21 February 2021

၂၀၂၁ သြစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည့် ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာသည် ပထမဆုံးယှဉ်ပြိုင်ခွင့်ရသည့် ဂရင်းစလင်းဗိုလ်လုပွဲလေးပွဲစလုံး အနိုင်ရသည့် တတိယမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၂၃ နှစ်ရှိပြီဖြစ်သူ အို ဆာကာသည် ဂရင်းစလင်းပြိုင်ပွဲများ တွင် လေးကြိမ်ဗိုလ်စွဲထားပြီး ၂၀၁၈ ယူအက်စ်အိုးပင်း၊ ၂၀၁၉ သြစတြေး လျအိုးပင်း၊ ၂၀၂၀ ယူအက်စ်အိုးပင်း နှင့် ၂၀၂၁ သြစတြေးလျအိုးပင်းတွင် ချန်ပီယံဆု ဆွတ်ခူးရရှိထားသည်။ ၎င်းင်းသည် ဂရင်းစလင်းဗိုလ်လုပွဲများ တွင် ရာနှုန်းပြည့်အနိုင်ရလဒ်ရရှိထားသလို ဆွစ်ဇာလန်ဂန္ထဝင်ကစားသမား ရော်ဂျာဖက်ဒါရာနှင့် ယူဂိုဆလား ဗီးယား-အမေရိကန်နွယ်ဖွား တင်း နစ်မယ် မော်နီကာဆဲလက်စ်တို့ပြီး လျှင် ပထမဆုံးယှဉ်ပြိုင်ခွင့်ရသည့် ဂရင်းစလင်းဗိုလ်လုပွဲ လေးပွဲစလုံး ဗိုလ်စွဲသည့် တတိယမြောက် ကစား သမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ 

ဂရင်းစလင်းချန်ပီယံဆု အကြိမ် ၂၀ ဖြင့် အမျိုးသားကစား သမားများအနက် အအောင်မြင်ဆုံး စံချိန်တင်ထားသူ ဖက်ဒါရာသည် ပထမဆုံးယှဉ်ပြိုင်ရသည့် ၂၀၀၃ ဝင်ဘယ်လ်ဒန်ချန်ပီယံရှစ်၊ ၂၀၀၄ သြစတြေးလျအိုးပင်း၊ ၂၀၀၄ ဝင် ဘယ်လ်ဒန်ချန်ပီယံရှစ်နှင့် ၂၀၀၄ ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် ဗိုလ်စွဲ ခဲ့သလို ဂရင်းစလင်းချန်ပီယံဆု ကိုး ကြိမ်ရရှိခဲ့သူ မော်နီကာဆဲလက်စ်မှာ လည်း ပထမဆုံးယှဉ်ပြိုင်ရသည့် ၁၉၉၀ ပြင်သစ်အိုးပင်း၊ ၁၉၉၁ သြ စတြေးလျအိုးပင်း၊ ၁၉၉၁ ပြင်သစ် အိုးပင်းနှင့် ၁၉၉၁ ယူအက်စ်အိုးပင်း ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး အိုဆာကာက ၎င်းတို့နှစ်ဦး၏ခြေရာကို နင်းနိုင်ခဲ့ ခြင်းဖြစ်သည်။

အိုဆာကာသည် ယခုနှစ် သြ စတြေးလျအိုးပင်းပြိုင်ပွဲတွင် ပွဲငယ် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ပထမအဆင့်တွင် ပက်ဗလျူချင်ကိုဗာ (ရုရှား) ကို ၆-၁၊ ၆-၂၊ ဒုတိယအဆင့်တွင် ဂါစီ ယာ (ပြင်သစ်) ကို ၆-၂၊ ၆-၃၊ တတိယ အဆင့်တွင် ဂျာဘူအာ (တူနီးရှား) ကို ၆-၃၊ ၆-၂၊ စတုတ္ထအဆင့်တွင် မူဂူရူဇာ (စပိန်၊ ဆီဒင် ၁၄) ကို ၄-၆၊ ၆-၄၊ ၇-၅၊ ကွာတားဖိုင်နယ်တွင် ဆုဝေ (တိုင်ပေ) ကို ၆-၂၊ ၆-၂၊ ဆီမီး ဖိုင်နယ်တွင် ဂရင်းစလင်းချန်ပီယံဆု ၂၃ ကြိမ်ရရှိထားသည့် ဆရီနာဝီလျံ (အမေရိကန်၊ ဆီဒင် ၁၀) ၆-၃၊ ၆-၄ နှင့် ဗိုလ်လုပွဲတွင် ဂျန်နီဖာဘရေဒီ (အမေရိကန်၊ ဆီဒင် ၂၂) ကို ၆-၄၊ ၆-၃ ဖြင့် အနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

အိုဆာကာသည် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သောကြောင့် တနင်္လာနေ့ (ယနေ့) ထုတ်ပြန်မည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်စာရင်း တွင် အဆင့် ၃ မှ အဆင့် ၂ သို့ မြင့် တက်လာမည်ဖြစ်သည်။ "အခုအချိန်ကစပြီး ငါးကြိမ် မြောက်ဆုဖလားရယူနိုင်ဖို့ ကြိုးစား သွားမှာပါ။ ငါးခုရပြီးသွားရင် ၁၀ ခုအကြောင်း ဆက်ပြီးစဉ်းစားမှာဖြစ် သလို ခုနစ်ခု၊ ရှစ်ခုလည်း ဖြစ်နိုင်ပါ တယ်။ ကျွန်မကို ချီးကျူးတာတွေက ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်မအနေ နဲ့ ဖိအားတွေ၊ မျှော်လင့်ချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် လေးလံအောင် မလုပ်ချင်ပါဘူး" ဟု အိုဆာကာက ဆုဖလားလက်ခံရယူပြီးနောက် ပြောကြားခဲ့သည်။

Most Read

Most Recent