ကျား၊မ ခွဲခြားပြောဆိုသည့်မှတ်ချက်ကြောင့် တိုကျိုအိုလံပစ်ကော်မတီဥက္ကဋ္ဌ ယိုရှီရိုမိုရီ ရာထူးမှ နုတ်ထွက်

ကျား၊မ ခွဲခြားပြောဆိုသည့်မှတ်ချက်ကြောင့် တိုကျိုအိုလံပစ်ကော်မတီဥက္ကဋ္ဌ ယိုရှီရိုမိုရီ ရာထူးမှ နုတ်ထွက်
Photo: Getty Images
Photo: Getty Images
Published 13 February 2021

တိုကျိုအိုလံပစ် ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ယိုရှီရိုမိုရီီသည် ကျား၊မ ခွဲခြားပြောဆိုသည့် မှတ်ချက်စကားကြောင့် ရာထူးမှနုတ်ထွက်ခဲ့ရကြောင်း သိရသည်။

    

အသက် (၈၃)နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း မိုရီက အမျိုးသမီးများမှာ စကားအလွန်များကြောင်း၊ အမျိုးသမီးဘုတ်အဖွဲ့ ဒါရိုက်တာများစွာပါဝင်သည့် အစည်းအဝေးများမှာ အချိန်ကြာမြင့်တတ်ကြောင်း ပြီးခဲ့သည့်တစ်ပတ်က ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းမှတ်ချက်စကားကြောင့် ဝေဖန်မှုများစွာထွက်ပေါ်လာရာ မိုရီက တရားဝင်ပြန်လည်တောင်းပန်ခဲ့သော်လည်း ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

သို့သော် ၎င်းအား ရာထူးမှ နုတ်ထွက်ရန် ဆက်တိုက်ဖိအားပေးမှုများ ရှိနေသဖြင့် သောကြာနေ့တွင် ကော်မတီ အထူးအစည်းအဝေးပြုလုပ်ပြီးနောက် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    

"အရေးကြီးတာက ဇူလိုင်မှာ အိုလံပစ်ပြိုင်ပွဲ ကျင်းပနိုင်ရေးပါ။ ကျွန်တော့်ရဲ့ပါဝင်မှုကြောင့် ပြိုင်ပွဲအတွက် အတားအဆီးဖြစ်လာမှာကို မလိုလားပါဘူး"ဟု မိုရီက နုတ်ထွက်ကြောင်း ကြေညာစဉ် ထည့်သွင်းပြောကြားခဲ့သည်။

    

မိုရီအား ရာထူးမှနုတ်ထွက်ရန် ဖိအားပေးသူများတွင် ပြိုင်ပွဲ၏ အဓိကစပွန်ဆာတစ်ခုဖြစ်သည့် တိုယိုတာကားကုမ္ပဏီလည်း အပါအဝင်ဖြစ်ပြီး အမျိုးသမီးရှေ့နေအဖွဲ့တစ်ဖွဲ့က ၎င်း၏မှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်အင်္ဂါနေ့က အဖြူရောင်ဝတ်စုံ ဝတ်ဆင်သည့်လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

တိုကျိုမြို့တော်ဝန် ကိုအိခဲက အိုလံပစ်တာဝန်ရှိသူများပါဝင်သည့် ထိပ်ပိုင်းအစည်းအဝေးများ တက်ရောက်မည်မဟုတ်ဟု ပြောကြားခဲ့သလို စေတနာ့ဝန်ထမ်း (၄ဝဝ) ကျော်မှာလည်း နုတ်ထွက်စာတင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent