မန်ယူအသင်းပယ်နယ်တီရရှိမှုအပေါ် ယာဂန်ကလော့ပ်၏ဝေဖန်မှုမှာ ဒိုင်များကိုလွှမ်းမိုးနိုင်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု ဆိုးလ်ရှား တုံ့ပြန်

မန်ယူအသင်းပယ်နယ်တီရရှိမှုအပေါ် ယာဂန်ကလော့ပ်၏ဝေဖန်မှုမှာ ဒိုင်များကိုလွှမ်းမိုးနိုင်ရန် ကြိုးပမ်းခြင်းသာဖြစ်သည်ဟု ဆိုးလ်ရှား တုံ့ပြန်
Photo: Sky Sports
Photo: Sky Sports
Published 7 January 2021

မန်ယူအသင်းပယ်နယ်တီရရှိမှုများကို လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ် ဝေဖန်ခဲ့ခြင်းမှာ ဒိုင်များအပေါ် လွှမ်းမိုးနိုင်အောင် ကြိုးပမ်းခြင်းသာဖြစ်ကြောင်း မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက တုံ့ပြန်မှတ်ချက်ပြုခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ကလော့ပ်သည် မီဒီယာများနှင့်တွေ့ဆုံရာ၌ ဆိုးလ်ရှားလက်ထက် မန်ယူအသင်း ပယ်နယ်တီရရှိမှုအပေါ် ဝေဖန်ခဲ့သည်။

ဆိုးလ်ရှားလက်ထက်(၂၀၁၈-၁၉ ရာသီတွင် စတင်ကိုင်တွယ်ခဲ့)မန်ယူအသင်းပယ်နယ်တီရရှိမှုမှာ လီဗာပူးလ်အသင်းကို မိမိကိုင်တွယ်စဉ် (၂၀၁၅-၁၆ ရာသီတွင် စတင်ကိုင်တွယ်ခဲ့) အချိန်ကာလတစ်လျှောက်ရရှိသည့် ပယ်နယ်တီထက်ပင် ပိုမိုများပြားကြောင်း ကလော့ပ်က ဝေဖန်ခဲ့သည်။

ယင်းဝေဖန်မှုနှင့် ပတ်သက်၍ မီဒီယာများက ဆိုးလ်ရှားအားမေးမြန်းခဲ့ရာ ၎င်းက ကလော့ပ်အနေဖြင့် ဒိုင်များကို လွှမ်းမိုးရန်ကြိုးစားခြင်းသာဖြစ်ကြောင်း မှတ်ချက်ပြုပြီး၊ ၂၀၀၉ ခုနှစ်က လီဗာပူးလ်နည်းပြဟောင်း ဘင်နီတက်ဇ်၏ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော ဝေဖန်မှုနှင့် ပြန်လည်ခိုင်းနှိုင်းခဲ့သည်။

ထိုစဉ်က ဘင်နီတက်ဇ်သည် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်အပြိုင်ဖြစ်နေသော ဖာဂူဆန်၏ မန်ယူအသင်းအကြောင်းကို မီဒီယာများနှင့်တွေ့ဆုံရာ၌ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဘင်နီတက်ဇ်သည်  မန်ယူအသင်းနှင့် လီဗာပူးလ်အသင်းအပေါ် ဒိုင်များ၏ အရေးယူပုံကွာခြားချက်ကို အချက်အလက်များဖြင့် ပြောပြမည်ဟုဆိုကာ ဖြစ်ရပ်ပေါင်းများစွာကို ရှည်လျားစွာပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တစ်ဖက်အသင်းအကြောင်းကို အမြောက်အမြားဝေဖန်ပြောကြားခဲ့သည့် ဘင်နီတက်ဇ်၏ လုပ်ရပ်ကို ထိုစဉ်က လီဗာပူးလ်အသင်းခေါင်းဆောင် ဂျရတ်ကပင် သဘောမကျဖြစ်ခဲ့ပြီး ၎င်းကိုယ်စား မိမိအရှက်ရမိသည်ဟု နောက်ပိုင်းတွင် ဝန်ခံပြောကြားခဲ့သည်။

ယခုကလော့ပ်၏ ဝေဖန်မှုနှင့်ပတ်သက်၍ ဆိုးလ်ရှားက ''ဒါတွေက အချက်အလက်တွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်ကလည်း အဖြေပြန်ပေးရတော့မှာပေါ့။ ဒီအချက်အလက်တွေအရ ကျွန်တော်တို့က သူတို့ထက်(ပယ်နယ်တီ)ပိုရတယ်ပေါ့။ ကျွန်တော်ကတော့ သူတို့အသင်း ပယ်နယ်တီဘယ်လောက်ရသလဲဆိုတာ မသိသလို၊ လိုက်လည်းမှတ်သား မနေပါဘူး။  ပယ်နယ်တီဧရိယာထဲမှာ ကျွန်တော်တို့ ပြစ်ဒဏ်ကျူးလွန်ခံရတိုင်း စိုးရိမ်ပူပန်ခြင်းနဲ့ သူတို့ အချိန်ကုန်ဆုံးချင်ပုံရတယ်။ ကျွန်တော်ကတော့ ဒါမျိုးလိုက်ပြီး အချိန်ကုန်ခံမနေပါဘူး''ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီက ပြိုင်ပွဲစုံတွင် ပယ်နယ်တီ(၂၂)လုံးအထိ ရရှိခဲ့ပြီး နောက်ဆုံး(၅)နှစ်အတွင်း ဥရောပထိပ်တန်းလိဂ်(၅)ခုတွင် အသင်းတစ်သင်းအနေဖြင့် (တစ်ရာသီအတွင်း)အများဆုံးရရှိမှုဖြစ်ခဲ့သည်။

ယမန်နှစ်ရာသီ FA ဖလားဆီမီးဖိုင်နယ်ပွဲစဉ် ချယ်လ်ဆီး (၃-၁)မန်ယူပွဲမတိုင်မီ ချယ်လ်ဆီးနည်းပြလမ်းပတ်က မန်ယူအသင်းကို ဒိုင်များက ပယ်နယ်တီများစွာပေးနေကြောင်း ဝေဖန်ခဲ့ဖူးသည်။

ယင်း FA ဖလားဆီမီးဖိုင်နယ်ပွဲတွင် မန်ယူတိုက်စစ်မှူး မာစီယဲလ်ကို ချယ်လ်ဆီးနောက်ခံလူ ဇူးမားက ဘောလုံးဖျက်ထုတ်ရာတွင် ပယ်နယ်တီပေးသင့်သော်လည်း လမ်းပတ် ကြိုတင်ပြောကြားထားသည့်စကားကြောင့် ဒိုင်လူကြီး မိုက်ဒင်းက ပယ်နယ်တီမပေးခဲ့ဟု ပွဲအပြီးတွင် ဆိုးလ်ရှားက ပြောကြားခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ယခုဆိုးလ်ရှားက ''မနှစ်က FA ဖလားဆီမီးဖိုင်နယ်ပွဲတုန်းကလည်း ဖရန့် (လမ်းပတ်)ဟာ ဒီလိုပဲ (ကလော့ပ်၏ဝေဖန်မှုမျိုး)လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက အလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ရသင့်တဲ့ပယ်နယ်တီ မရခဲ့ပါဘူး။ ဒါမျိုးလုပ်ရပ်တွေက ဒိုင်တွေကို လွှမ်းမိုးဖို့ကြိုးစားတာ ဖြစ်နိုင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

Most Read

Most Recent