အခက်အခဲများ ရင်ဆိုင်နေရသည့် အသင်းအတွက် ကူညီပေးခွင့်ရရန် ဆုတောင်းနေကြောင်း အိုဇေးလ် ဖွင့်ဟ

အခက်အခဲများ ရင်ဆိုင်နေရသည့် အသင်းအတွက် ကူညီပေးခွင့်ရရန် ဆုတောင်းနေကြောင်း အိုဇေးလ် ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 25 December 2020

အာဆင်နယ်အသင်းကွင်းလယ်လူ အိုဇေးလ်က အခက်အခဲများ ရင်ဆိုင်နေရသည့် အသင်းအတွက် ကူညီပေးခွင့်ရရန် မျှော်လင့်၍ ဆုတောင်းနေကြောင်း ဖွင့်ဟပြောကြား သည်။

    

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး တန်းဆင်းဇုန်နှင့် လေးမှတ်အကွာ အဆင့် (၁၅) နေရာ ရောက်ရှိနေသည်။ 

ထို့ပြင် အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့ကလည်း လိဂ်ဖလားကွာတားဖိုင်နယ်တွင်မန်စီးတီးကို အိမ်ကွင်း၌ (၁-၄)ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။ 

သို့ဖြစ်ရာ ယခုရာသီတွင် ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ်ပြိုင်ပွဲ လူစာရင်းမှ ချန်လှပ်ခံထားရသည့် အသင်း၏ လစာအမြင့်ဆုံးကစားသမား အိုဇေးလ်က Twitter မှတစ်ဆင့် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ကျွန်တော့်အတွက်တင်မဟုတ်ဘဲ တစ်သင်းလုံးအတွက်လည်း ခက်ခဲတဲ့အချိန်ပါ။ ဒီအခြေအနေက အားလုံးအတွက် စိတ်ပျက်စရာပါပဲ။ အသင်းအတွက် ကူညီခွင့်ရရင် ကူညီပေးနိုင်ဖို့ ဆုတောင်းပါတယ်။ အထူးသဖြင့် အခုချက်ချင်း ကူညီခွင့်ရရင်ပေါ့။ ဒါပေမဲ့ ကျွန်တော် ကန်ခွင့်မရသရွေ့တော့ ရလဒ်ကောင်းဖို့  မျှော်လင့်နေရုံပဲ တတ်နိုင်ပါတယ်"ဟု အိုဇေးလ်က ပြောကြားခဲ့သည်။

    

အာဆင်နယ်အသင်းသည် လာမည့်စနေနေ့တွင် Boxing Day ပွဲစဉ်အဖြစ် လန်ဒန်ဒါဘီပြိုင်ဘက် ချယ်လ်ဆီးအသင်းနှင့် အိမ်ကွင်း၌ ကစားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent